၆၆(ဃ)ဖြင့် အမှုဖွင့်ခံရသည့် The Voice သတင်းစာမှ တပ်မတော်သို့ တောင်းပန်စာပို့

၆၆(ဃ)ဖြင့် အမှုဖွင့်ခံရသည့် The Voice သတင်းစာမှ တပ်မတော်သို့ တောင်းပန်စာပို့

ရန်ကုန်   မေ   ၁၈ ။          ။ တပ်မတော်ဘက်မှ ရေးသားစေချင်သည့်တောင်းပန်စာကို The Voice သတင်းစာက သတင်းမီဒီယာကောင်စီသို့ ပေးပို့ထားခြင်းနှင့် ပတ်သက်၍ ယနေ့ အသိပေးဆွေးနွေးခဲ့ကြ သည်။

The Voice နေ့စဉ်သတင်းစာတွင်ဖော်ပြခဲ့သည့် ကျည်ထောင်စုသစ္စာ သရော်စာနှင့် ပတ်သက်၍ တပ်မတော်က တရားစွဲဆိုခဲ့ခြင်းအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် The Voice သတင်းစာ၏ သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေကိုယ်စား အမှုဆောင်အယ်ဒီတာ ဦးအောင်စိုးတို့ ယနေ့ နေ့လည် ၁၂ နာရီက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ Myanmar Press Council ရုံးတွင် တွေ့ဆုံခဲ့သည်။

The Voice သတင်းစာဘက်က တပ်မတော်ဘက်မှ ရေးစေချင်သည့်တောင်းပန်စာမျိုးနှင့် မတူသော်လည်း  အဓိပ္ပါယ်တူသည့်တောင်းပန်စာကို သတင်းမီဒီယာကောင်စီမှတစ်ဆင့် တပ်မတော်သို့ ပေးပို့ထားသည်ဟု  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

"The Voice သတင်းစာဘက်က တပ်မတော်ဘက်မှ ရေးစေချင်တဲ့တောင်းပန်စာမျိုးတော့ မဟုတ်ဘူး။ အဲဒါနဲ့အဓိပ္ပါယ်တူတဲ့တောင်းပန်စာကို သတင်းမီဒီယာကောင်စီကို ပို့တယ်။ အဲဒါကိုလည်း တပ်မတော် ဘက်ကို ပို့လိုက်ပြီ။ သူတို့ဘက်က ဒါကို လက်ခံမယ်၊ လက်မခံဘူးတော့ မသိသေးဘူး" ဟု သတင်းမီဒီယာကောင်စီအတွင်းရေးမှူ ဦးသီဟစောက ပြောသည်။

ကောင်စီက လက်ခံညှိနှိုင်းဖြေရှင်းပေးနေစဉ် ထိုသို့ဆက်သွယ်ရေး ဥပဒေပုဒ်မ -၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းအတွက် အံ့သြရပြီး စိတ်မကောင်းလည်းဖြစ်ရသည်ဟု မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ဆိုသည်။

"ဒီလိုတရားစွဲတော့ ကျွန်တော်တို့လည်း တော်တော်စိတ်မကောင်းဖြစ်ရသလို တော်တော် လည်း အံသြမိ တယ်။ကျွန်တော်တို့ကတော့ အစွမ်းကုန် ဥပဒေဘောင်အတွင်းက ဆောင်ရွက်ပေးသွားမယ်" ဟု သတင်း မီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောသည်။

တပ်မတော်က ရိုက်ကူးခဲ့သည့် ပြည်ထောင်စုသစ္စာဇာတ်ကားကိုအခြေခံ၍ သရော်ထား သည့် ကျည်ထောင်စုသစ္စာသရော်စာကို မတ် လ ၂၆ ရက်ထုတ် The Voice သတင်းစာ တွင် ဖော်ပြခဲ့သည်။

ထိုသို့ရေးသားဖော်ပြခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အချက်များ ပါဝင်နေသည်ဟုဆိုကာ တပ်မတော်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ကနဦး တိုင်ကြားခဲ့ပြီး နောက် The Voice သတင်းစာကလည်း ကျည်ထောင်စုသစ္စာ သရော်စာနှင့် ပတ်သက်၍ မေ ၁၄ ရက်နေ့က တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက် စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြခြင်း မဟုတ်ကြောင်း ရှင်းလင်းချက် တစ်ရပ်ကို ဖော်ပြခဲ့သေးသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ညှိနှိုင်းဖြေရှင်းနေဆဲကာလမှာပင် ရန်ကုန်တပ်နယ်မှူး၊ ဒုတိယ ဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်ကာ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နှင့် ဆောင်းပါးရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ ကို ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly