“ငါအာဏာရတဲ့အချိန်မှာ ငါလုပ်ချင်ရာ လုပ်မယ်ကွာဆိုတဲ့ အပေါက်မျိုး ဖြစ်တယ်”- ဒေါက်တာနန္ဒာလှမြင့်

“ငါအာဏာရတဲ့အချိန်မှာ ငါလုပ်ချင်ရာ လုပ်မယ်ကွာဆိုတဲ့ အပေါက်မျိုး ဖြစ်တယ်”- ဒေါက်တာနန္ဒာလှမြင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(မေလ ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်သည် တရားမျှတမှုမရှိဟု အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဝေဖန်ပြောဆိုလိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD မှ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များသည် ဥပဒေပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ရာရောက်သဖြင့် အရေးယူဆောင်ရွက်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၁၃)ခုက ကန့်ကွက်စာတင်ပြမှုအပေါ် “ကန့်ကွက်စာများနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ရန် မရှိပါ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မေလ ၁၈ရက် ထုတ်ပြန်ချက်အား ဝေဖန်လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်က ဥပဒေကြောင်းအရ သေသေချာချာ စိစစ်ပြီးတော့မှ တင်ပြထားတာလေ။ ဆိုတော့ ထုတ်ပြန်ချက်ကို ဖတ်ကြည့်တော့ တရားမျှတမှု မရှိဘူးလို့ပဲ ကျွန်တော်တို့ကတော့ မြင်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က မေလ ၁၈ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့သည် ဧပြီလ ၁ရက်က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် အချိန်ကိုက်လျက် နိုင်ငံပိုင်မီဒီယာများကို အသုံးချပြီး မဲဆွယ်စည်းရုံးမှုဆန်ဆန် ဟောပြောခဲ့သည်ဟုဆိုကာ အရေးယူပေးရန် နိုင်ငံရေးပါတီ(၁၃)ခုက ကော်မရှင်သို့ မေလ ၈ရက်တွင် ကန့်ကွက်စာ တင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကန့်ကွက်မှုသည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့်ကာလနှင့် အစိုးရအဖွဲ့တာဝန်ယူသည့် တစ်နှစ်ပြည့်ကာလတို့ တိုက်ဆိုင်မှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“အစိုးရအဖွဲ့ အကြီးအကဲများက ဖြစ်စေ၊ အနိုင်ရပါတီ၏ တာဝန်ရှိပုဂ္ဂိုလ်များက ဖြစ်စေ ပြည်သူလူထုသို့ တစ်နှစ်တာဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ အသိပေးမှုများသည် ထုံးတမ်းစဉ်လာ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပါသည်” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အနိုင်ရပါတီ၏ တာဝန်ရှိသူများက ပြည်သူလူထုသို့ ရှင်းလင်း တင်ပြမှုများသည် မဲဆွယ်စည်းရုံးသည့် သဘောမပါရှိ” ဟုလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဒေါက်တာနန္ဒာလှမြင့်က “အစိုးရမှာ ဘာတာဝန်မှမရှိတဲ့ ပါတီအကြီးအကဲတွေက နိုင်ငံပိုင်မီဒီယာတွေ အသုံးပြုပြီးတော့မှ ပါတီစည်းရုံးရေးအသွင်ဆန်ဆန်ပေါ့လေ။ ဘာမှ မပြောရင်တောင်မှ ဒီတံဆိပ်ကြီးတွေ၊ ဒီအလံကြီးတွေနဲ့ တီဗီဖန်သားပြင်မှာ ပေါ်ကတည်းကိုက ဒါက ဥပဒေနဲ့ ညှိနေပြီလေ” ဟု ပြောဆိုသည်။

“ဒါကတော့ ငါအာဏာရတဲ့အချိန်မှာ ငါလုပ်ချင်ရာ လုပ်မယ်ကွာဆိုတဲ့ အပေါက်မျိုးဖြစ်တယ်လို့ ကျွန်တော်တို့က မြင်တယ်” ဟုလည်း ၎င်းက ဝေဖန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ မတ်လ ၃၀ရက် ညပိုင်းက ပြောကြားခဲ့သော မိန့်ခွန်းသည် “ကြားဖြတ်ရွေးကောက်ပွဲနှင့် အချိန်ကိုက်လျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက်များ ပါဝင်သော စည်းရုံးလှုံ့ဆော်ဟောပြောချက်မိန့်ခွန်း ဖြစ်နေကြောင်းသာ အထင်အရှား တွေ့ရှိရပါသည်” ဟု နိုင်ငံရေးပါတီ(၁၃)ခု၏ ကန့်ကွက်စာတွင် ပါရှိသည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို မတ်လ ၃၁ရက်တွင်လည်း ယင်းမိန့်ခွန်းအား နိုင်ငံပိုင်သတင်းစာများတွင် အပြည့်အစုံဖော်ပြခဲ့ခြင်းသည် “ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆောင်ခြင်း မပြုလုပ်ရ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည်ဟုလည်း ဆိုထားသည်။

အလားတူ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ကလည်း မတ်လ ၃၁ရက် ညပိုင်းတွင် MRTV မှ သဘောထားအမြင်တင်ပြချက်များကို ပြောကြားခဲ့ခြင်းနှင့် ၎င်းတို့၏ ပြောဆိုချက်များကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် ဧပြီလ ၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ခြင်းသည် “နိုင်ငံပိုင်မီဒီယာကို အသုံးချလျက် သွယ်ဝှိုက်သောနည်းဖြင့် မဲဆွယ်စည်းရုံးပေးရာ ရောက်ပါသည်” ဟု ကန့်ကွက်စာတွင် ဖော်ပြထားသည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်က ကျင်းပခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင်မူ “အစိုးရအဖွဲ့တွေကလည်း မဲဆွယ်စည်းရုံးတဲ့ပုံစံမျိုး မဆောင်ရွက်ခဲ့သလို ပါတီက အကြီးအကဲတွေကလည်း နိုင်ငံပိုင်မီဒီယာတွေမှာ အသုံးချပြီး ဆောင်ရွက်ခဲ့တာမျိုး မရှိခဲ့ဘူး။ သေချာကို စောင့်ထိန်းပြီးတော့ ဆင်ခြင်ခဲ့ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly