အချစ်မရှိရင် ဘယ်မိန်းမမှ ချစ်လို့မရတော့ဘူးလို့ ဆိုတဲ့ G Fatt

အချစ်မရှိရင် ဘယ်မိန်းမမှ ချစ်လို့မရတော့ဘူးလို့ ဆိုတဲ့ G Fatt

ဂီတလောကကို ရောက်ရှိဖို့အတွက် အချိန်အများကြီး ကြိုးစားခဲ့ရသူ လက်ရှိမှာ ဂျင်ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးတဲ့နောက်မှာ ပရိသတ် အခိုင်အမာရရှိထားတဲ့သူ သူကတော့ လူငယ်အဆိုတော် G Fatt ပါ။

အခုချိန်မှာ သူနောက်ဆုံးထွက်ရှိထားတဲ့ ငါတစ်ယောက်ပဲ သတ်ချင်တယ်ဆိုတဲ့ MTV နဲ့ ပတ်သက်ပြီးတော့ ပရိသတ် ဝေဖန်မှုရှိနေတဲ့အပေါ် သူ ဘယ်လိုတုန့်ပြန်မလဲ။ အခုဆိုလို့ရှိရင် အဆိုတော် G Fatt နဲ့ တွေ့ဆုံဖို့အတွက် သူရှိတဲ့နေရာကို ရောက်ရှိနေပါပြီ။ ကျွန်မရဲ့လက်ထဲမှာတော့ YOPE မေးခွန်းငါးခုနဲ့ အတူ YOPE Red Chair ရှိနေပါတယ်။

မင်္ဂလာပါ။

ဟုတ်မင်္ဂလာပါ။

ညီမတို့ရဲ့ YOPE အစီအစဉ်မှာ ထပ်ပြီးတော့ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။

ဟုတ် ကျွန်တော်လည်း ဝမ်းသာပါတယ်ခင်ဗျာ။

နံပါတ် (၁) မေးခွန်းပေါ့နော်။ အခု G Fatt အောင်မြင်နေတဲ့ ငါတစ်ယောက်ပဲ သတ်ချင်တယ်ဆိုတဲ့ MTV  မှာ G Fatt ကိုယ်တိုင်လည်း သရုပ်ဆောင်ထားတယ်။ နောက်ပြီးတော့ စာသားတွေဆိုရင်လည်း G Fatt ကိုယ်တိုင် ရေးထားတယ်ဆိုတော့ အဲဒီအထဲမှာပါတဲ့ စာသားအချို့နဲ့ သရုပ်ဆောင်မှုအပေါ်မှာ တချို့ပရိသတ်တွေက ဝေဖန်မှုတွေရှိနေတယ်။ ဥပမာ လူငယ်တွေ အတုယူမှု လွှဲမှားတဲ့ ပုံစံမျိုးတွေနဲ့ ဝေဖန်ကြတယ်ပေါ့။ အဲဒီ ဝေဖန်မှုတွေကိုရော G Fatt အနေနဲ့ ဘယ်လိုတုန့်ပြန်ချင်သလဲ။

ဝေဖန်မှုတွေ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဝေဖန်တဲ့ ပရိသတ် တစ်ယောက်ချင်းစီကိုတော့ တကယ်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဝေဖန်တယ်ဆိုတာကလည်း တကယ် စေ့စေ့စပ်စပ် သေသေချာချာ ကြည့်ပြီးတေ့ာမှပဲ ကျွန်တော်ကို ဝေဖန်လို့ရမှာကို။ အဲတော့ အဲဒီအပေါ်မှာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ခုလောက် ကျွန်တော်ဘက်က ကျွန်တော်အတွေးလေးပေါ့နော် ကျွန်တော်တစ်ယောက်တည်းအတွေးပါ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဒီဟာ အနုပညာဖန်တီးမှု သက်သက်တစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော် လည်ပင်းပေါ် ကြိုးတင်လိုက်မယ်တို့ သက်သေလိုက်မယ်တို့ ဆိုတာ အပြင်လောကမှာ ကျွန်တော် တကယ်လုပ်မှာလည်းမဟုတ်သလို တကယ့် သူတို့ စိုးရိမ်နေတဲ့ ၁၅၊ ၁၆ ကလေးတွေကလည်း တကယ် အသိဉာဏ်ရှိတဲ့ ကလေးတွေပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ၁၅၊ ၁၆ အရွယ်ကို ဖြတ်သန်းလာခဲ့တာပဲလေ။ ကျွန်တော်တို့လည်း အရမ်းတော်တဲ့ ကလေးတွေထဲမှာ ပါခဲ့တာမဟုတ်ဘူး။ ပြောချင်တာက အဲလိုမျိုး လိုက်လုပ်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူးလို့ပါ။ ဒါက အနုပညာဖန်တီးမှု သက်သက်သာဖြစ်ပါတယ်။ အဲဒီအပေါ်မှာတော့ ကျန်တဲ့ သက်ရောက်မှုတွေကိုတော့ စိုးရိမ်ခဲ့ခြင်း မရှိပါဘူးခင်ဗျာ။

ဟုတ်ကဲ့ပါရှင့်။ ဒါကတော့ YOPE ရဲ့ ဒုတိယမေးခွန်းပါရှင့်။ အခုချိန်မှာ G Fatt က မိသားစုအတွက် ပိုးစုန်းကြူးလား၊ ဓူဝံကြယ်လား။

အဲဒါကတော့ ကျွန်တော်အမေပြောရင်တော့ ပိုပြီးတော့ မှန်လိမ့်မယ် ကျွန်တော်ကိုယ် ကျွန်တော်ကျတော့ ပိုးစုန်းကြူးလား၊ ဓူဝံကြယ်လား မသိဘူး။ သိတာကတော့ ခိုင်းလိုက်တာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်က ကျွန်တော်မိသားစု တစ်စုလုံးကို အခုချိန်မှာ ကျွန်တော် တင့်တောင်းတင့်တယ် ထားနိုင်တယ်။ ကျွန်တော့အမေ့ကိုရော အဖေ့ကိုရော ၊ အစ်မကိုရော အရမ်း ခက်ခဲကြမ်းတမ်းနေတဲ့ ဘဝတွေထဲကနေပြီးတော့ ကျွန်တော် ဆွဲထုတ်လာနိုင်ခဲ့တယ်ဆိုတာတော့ ကိုယ့်ကိုယ်ကို သိတယ်။ ဒါပေမယ့် ကျွန်တော် ဓူဝံကြယ်လောက်ကြီး ဖြစ်ပြီလားဆိုတာတော့ မသိသေးပါဘူးခင်ဗျာ။

ဒါကတော့ တတိယမေးခွန်းပါ။ Surprise ဖြစ်မယ်ထင်ပါတယ်။ G Fatt ရဲ့ အကြောက်ဆုံး တိရိစ္ဆာန်အကောင်က ဘာကောင်ဖြစ်မလဲ။ ပြီးတော့ အဲဒီအကောင်နဲ့သာ တစ်ရက်တိတိ ကျော်ဖြတ်ခွင့်ရမယ်ဆိုရင် ဘယ်လိုကျော်ဖြတ်မလဲ။

ကျွန်တော် အကြောက်ဆုံး တိရိစ္ဆာန်ဆိုလို့ရှိရင် မြွေဖြစ်လိမ့်မယ်။ အဲဒီအကောင်ကို ငယ်ငယ်တုန်းက တိရိစ္ဆာန်ဥယျာဉ်မှာဆို မှန်ဘောင်ထဲမှာ ထည့်ထားတာ မြွေတွေကို အဲဒီ မှန်ဘောင်နားတောင် သွားကပ်ပြီးတော့ မကြည့်ရဲဘူး။ ကြောက်တယ်။ အဲဒီအကောင်နဲ့သာ တစ်ရက် နေရမယ်ဆိုရင် ကျွန်တော် အဆင်ပြေမှာမဟုတ်ပါဘူး။ အရမ်းကြောက်နေမိမှာပါ။

နံပါတ် (၄) မေးခွန်းကတော့ G Fatt က ဘယ်လိုကြောင့် Rapper အဆိုတော်တစ်ယောက် ဖြစ်လာတာလဲ။

ကျွန်တော် ကျွန်တော့်ပတ်ဝန်းကျင်မှာ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ စိတ်ခံစားချက်တွေ ပြီးတော့ ကျွန်တော် လူငယ်ဆိုပြီးတော့ ဂီတကို စပြီးတော့ ထိတွေ့ခွင့်ရတဲ့အချိန်မှာ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ဂီတသီချင်းတွေ ကျွန်တော် အားကျ အတုယူခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ အဲဒီ ကျွန်တော် ပတ်ဝန်းကျင်တွေအပြင် ကျွန်တော်စိတ်ထဲမှာ ခံစားနေရတဲ့ ခံစားချက်တွေကို ကျွန်တော် ထုတ်ပြောချင်တဲ့အချိန်မှာ ဒီ Hip Hop က ကျွန်တော်အတွက် အကောင်းဆုံး အရွေးချယ်ဆုံး အကြိုက်ဆုံး ကျွန်တေ်ာ အရူးသွပ်ဆုံးလို ဖြစ်ရတဲ့အတွက် ကျွန်တော် အဲဒီအရွယ်လေးကနေစပြီး ကိုယ့်ကိုယ်ကို အခုလို ဖြစ်ခဲ့တာပါ။

ဟုတ်ကဲ့ပါ။ ဒါကတော့ YOPE ရဲ့ နောက်ဆုံးမေးခွန်းပါနော်။ G Fatt ရဲ့ အောင်မြင်တဲ့ သီချင်းအများစုက အချစ်သီချင်းလေးတွေဖြစ်တယ်။ ပရိသတ်က အချစ်သီချင်းလေးတွေကို အများစု ကြိုက်ကြတယ်။ တကယ်လို့များ ဒီ အချစ်ဆိုတဲ့ အကြောင်းအရာ မရှိတော့ဘူးဆိုရင် G Fatt ရဲ့ Hip Hop  သီချင်းပုံစံတွေက ဘယ်လိုတွေရှိနေမလဲ။

ကျွန်တော်မှာ အချစ်မရှိတော့ရင် အခြားတစ်ခုခုကို ဆက်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အချစ်သီချင်းတွေ များတယ်လေ။ အဲဒါတော့ ဝန်ခံပါတယ်။ အဲဒါတော့ တကယ်ပါ ကိုယ့်ဘာသာကိုယ်လည်း အရမ်း စိတ်လုံပါတယ်။ ကောင်မလေးတွေ အများကြီးကြိုက်နေလို့ အဲဒီကောင်မလေးတွေ ထပ်ကြိုက်အောင်လို့ ရေးမယ်လို့လည်း မဟုတ်ပါဘူး။ ကျွန်တော်ရေးသမျှ သီချင်းအားလုံးက ကျွန်တော်မှာ အကြောင်းအရာ အားလုံး တိတိပပ ရှိပါတယ်။ အစ်မပြောသလိုပဲ အချစ်မရှိတော့ရင်လည်း ကျွန်တော်ရင်ထဲမှာလည်း ဘယ်မိန်းမမှ ချစ်လို့မရတော့ဘူး။ ဘယ်အကြောင်းအရာမှ ကျွန်တော်ဘေးနားမှာ မရှိတော့ရင်လည်း ကျွန်တေ်ာ အခြားအကြောင်းအရာ ကျွန်တော်ရင်ထဲမှာရှိတဲ့ အခြားအကြောင်းအရာ ဖြစ်မှာပေါ့။ အခုဆိုရင်လည်း ကျွန်တော် ဒုတိယအခွေထဲမှာဆိုရင်လည်း ကျွန်တော် ညတိုင်း ပန်းဝယ်နေကျ ကလေးတွေရဲ့ အကြောင်းတွေပါတယ်။ ကျွန်တော်ဘဝအကြောင်းတွေထဲကပဲ ကျွန်တော် Rap လုပ်ဆိုမှာပါ။ အဲဒီအပေါ်မှာ ကျွန်တော်ခုနကပြောသလို စိုးရိမ်နေတာတွေ ဘာမှမရှိပါဘူးခင်ဗျာ။

ဟုတ်ကဲပါ။ အခုလိုမျိုး မေးခွန်းငါးခုကို ပြည့်စုံအောင် ဖြေပေးတဲ့အတွက် G Fatt ကို ကျေးဇူး အများကြီးတင်ပါတယ်။

ကျွန်တော်ကလည်း ကျေးဇူးအများကြီး တင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags