ဒေသဖွံ့ဖြိုးရေး ပိုလျှံရံပုံငွေများ အချိန်မီ ပြန်အပ်ဖို့ လွှတ်တော်နာယက အသိပေး

ဒေသဖွံ့ဖြိုးရေး ပိုလျှံရံပုံငွေများ အချိန်မီ ပြန်အပ်ဖို့ လွှတ်တော်နာယက အသိပေး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုလွှတ်တော်၏ ဖွံ့ဖြိုးရေးရံပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် မြို့နယ်ပေါင်း ၃၂၆မြို့နယ်အနက် လုပ်ငန်းပြီးစီးကြောင်း တင်ပြရန် ၁၀၃မြို့နယ် ကျန်နေသေးသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

“ဒီနေ့အထိ ၂၂၃မြို့နယ်က လုပ်ငန်းပြီးစီးကြောင်း တင်ပြခဲ့ပြီး ၁၀၃မြို့နယ် တင်ပြဖို့ ကျန်ရှိနေသေးကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ကျန်ရှိတဲ့ မြို့နယ်တွေအနေနဲ့ ဆောလျင်စွာ ပေးပို့ကြဖို့နဲ့ ပိုလျှံငွေတွေကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်တွေကတဆင့် နေပြည်တော်ရှိ ငွေတိုက်ဦးစီးဌာနကို အချိန်မီ ပြန်လည်အပ်နှံဖို့ ထပ်မံ အသိပေးပြောကြားလိုပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

မေလ ၁၈ရက်တွင် စတင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားစဉ် လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ထိုသို့ အသိပေးလိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရံပုံငွေသည် ဘဏ္ဍာနှစ် တစ်နှစ်အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း တစ်ထောင်နှုန်းဖြင့် သက်ဆိုင်ရာလွှတ်တော်အမတ်များအား ထုတ်ပေးသည့် ရံပုံငွေဖြစ်ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးပါက လွှတ်တော်သို့ ပြန်လည် တင်ပြရခြင်း ဖြစ်သည်။

အဆိုပါ ကျပ်သိန်း တစ်ထောင်အား လွှတ်တော်အမတ်များက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲရခြင်းဖြစ်ပြီး လုပ်ငန်းတစ်ခုလျှင် ကျပ်သိန်း ၅၀ထက် ပိုမိုသုံးစွဲခွင့် မရှိပေ။

လက်ရှိတွင် ၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရံပုံငွေအား ခွင့်ပြုထားပြီး ဖြစ်သည်။

“၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ဖို့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ငန်းဆောင်ရွက်ခွင့်နဲ့ အဆိုပြုချက်တွေကို အချိန်မီတင်ပြဆောင်ရွက်ဖို့လည်း ပြောကြားလိုပါတယ်” ဟုလည်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly