"လိမ္မော်ကိုလည်း ပြည်ပပို့ကုန် ဖြစ်စေချင်ပါတယ်"

"လိမ္မော်ကိုလည်း ပြည်ပပို့ကုန် ဖြစ်စေချင်ပါတယ်"
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြစေတီကျေးရွာရှိ လိမ္မော်ခင်းတွင် မေလ ၁ဝ ရက်နေ့က တွေ့ရသော တောင်သူ ဦးဇော်လင်းထက်
(ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)

ရွာငံ(Myanmar Now) ။               ။ အသီးအနံှဈေးကွက် ကျယ်ပြန့်လာမှ စိုက်ပျိုးသူတို့ ပိုမိုအဆင်ပြေမည်ဖြစ်သောကြောင့် အစိုးရ က ကူညီသင့်သည်ဟု ရှမ်းပြည်နယ်မှ လိမ္မော်စိုက်တောင်သူတစ်ဦးက   ပြောသည်။

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊မြစေတီကျေးရွာမှ ၄၃ နှစ်အရွယ် ဦးဇော်လင်းထက်နှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံရာတွင် သူက လိမ္မော်စိုက်ပျိုးရေးလုပ်ငန်း၊ ဈေးကွက်၊ တောင်သူတို့ လိုအပ်နေ သည့် ကူညီထောက်ပံ့မှုများအကြောင်း ပြောပြခဲ့သည်။

မေး -စိုက်ပျိုးရေးလုပ်ငန်းကို ဘယ်အချိန်ကစပြီး လုပ်ခဲ့တာလဲ။

  ဖြေ - ၂ဝ၁၁ ခုနှစ်တည်းကပါ။ ကျွန်တော် ပထမဆုံးစပြီးစိုက်ပျိုးတဲ့ သီးနှံက လိမ္မော်သီးပါ။ စစိုက်တုန်းက တစ်ဧကတောင် မပြည့်ပါဘူး၊ဒဿမ ၇၅ လောက်ပဲရှိပါတယ်။ လိမ္မော်သီးကို တစ်နိုင် တစ်ပိုင် စိုက်ပျိုးကြည့်မယ်ဆိုပြီးတော့ စိုက်ပျိုးဖြစ်တာပါ။ အခုတော့ တစ်ဧကခွဲကျော် စိုက်ပျိုးနိုင်ပါပြီ။ စစိုက်တုန်းကအောက်ခံမြေဘယ်လိုထားရမယ်၊မြေသြဇာဘယ်လိုထည့်ရမလဲ၊ ဆေးကိုဘယ်လို သုံးရမလဲဆိုတာလည်း ကောင်းကောင်းမသိပါဘူး။ သူများကဒီဆေးကောင်းတယ်ဆိုသုံးလိုက်တာပါပဲ။

   မေး -အခုရောစိုက်ပျိုးနည်းစနစ် အမှန်ကို သိပြီလား။

   ဖြေ -စိုက်ပျိုးနည်းနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးတော့ သိလာပါပြီ။ အရင်နဲ့မတူတော့ဘူး။ အပင်တွေကို ပြုပြင်တယ်။ ကိုင်းတွေကိုရှင်းတယ်။ အမြစ်တွေ ကောင်းမွန်ဖို့အတွက်လည်း နွားချေး တွေ၊ ဝက်ချေးတွေကိုသုံးပြီးတော့ ထည့်ပေးပါတယ်။ ဟိုတုန်းကဆိုရင် အပင်ကို မြင့်ချင်သလောက် မြင့်၊လွှတ်ထားတယ်၊ အသီးခူးတဲ့အခါ ကိုင်းတွေကိုဆွဲပြီးခူးတော့ ကိုင်းတွေလည်းနာတယ်။

 အခုနောက်ပိုင်းတော့ အပင်တစ်ပင်ကို ၄ ပေ၊ ၅ ပေလောက်ပဲ မြင့်အောင် ထားတော့တယ်၊ အဲ့ဒီအောက်မှာပဲအသီးသီးစေတယ်၊အဲ့ဒီတော့ ခူးရတဲ့အခါမှာလည်းလွယ်ကူစေတဲ့အတွက် အပင် လည်းမနာ၊ ကိုင်းလည်းမနာတော့ ကိုင်းလည်းမကျိုးတော့ဘူးပေါ့၊အပင်ကအရမ်းမမြင့်တော့ လုပ်အား၊ ကုန်ကျစရိတ်လည်း အများကြီး သက်သာတယ်။

 ဒီနည်းစနစ်တွေက ကော်ဖီစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး သင်တန်းတွေ တက်ရင်းနဲ့ ရလာတဲ့ အသိ ပညာတွေပါ၊ လိမ္မော်ပင်စိုက်ပျိုးတဲ့အခါမှာရော သုံးလို့ရလားဆိုပြီးတော့ သုံးကြည့်ရင်းနဲ့ အဆင်ပြေ သွားတာပါ။

   မေး - စိုက်ပျိုးရေးလုပ်ငန်းကို မိသားစုက ဝိုင်းလုပ်သလား။

   ဖြေ - ကျွန်တော်တို့မိသားစုက စုစုပေါင်း ၄ ယောက်ပါ။ ကျွန်တော်ရယ်၊ အမျိုးသမီးရယ်က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ပါတယ်။ ကလေးတွေကတော့ ကျောင်းတက်နေပါတယ်။

  မေး -ဒီဒေသမှာ ဘယ်လိုလိမ္မော်အမျိုးအစားကို စိုက်သလဲ၊ လိမ္မော်ပင်ကိုဘယ်ပိုး၊ ဘယ်ရော ဂါတွေက ဒုက္ခပေးတတ်သလဲ။

  ဖြေ -ပျားလိမ္မော်ရယ်၊ ရိုးရိုးလိမ္မော်(အခွံပွ၊ အခွံကျစ်) ရယ်။ လိမ္မော်ပင်အများစုမှာ ပင့်ကူနီပိုး၊ ပိုးနံ၊ ဖြုတ်ပိုး၊ နေမတုတ်၊ ပင်စည်ထိုးပိုး၊ အမြစ်ပုတ်ရောဂါ၊ ကိုင်းပုတ်ရောဂါ အဲ့ဒီလိုရောဂါတွေ၊ ပိုးတွေ အဖြစ်များပါတယ်။ ပင်စည်ပုတ်ပိုး၊ အမြစ်ပုတ်တဲ့ရောဂါတို့ကတော့ ကုရခက်ခဲတဲ့ ရောဂါတွေပါ။ ပင်စည်ကိုင်းပိုးဆိုရင် ပိုးထိုးနေတဲ့အောက်ကို လေးလက်မခြောက်လက်မလောက် ထားပြီးတော့ ဖြတ်လိုက်ရင် နည်းနည်း အဆင်ပြေသေးတယ်၊ အမြစ်ပုတ်ပိုးဆိုရင်တော့ အပင်ကို ဖယ်ထုတ်ပြီးတော့ အသစ်ပြန်စိုက်ရပါတယ်။ ကျွန်တော်တို့ခြံထဲမှာလည်း အသစ်ပြန်ပြုပြင်ရတဲ့ အပင်တွေအများကြီး ရှိပါတယ်။ ပိုးကျတဲ့အပင်ကို အခြားနေရာမှာသွားထားရင် ပိုးကူးနိုင်တဲ့အတွက်ကြောင့် ဒီအပင်ကို မီးရှို့ပစ်ရပါတယ်။

  မေး -စိုက်ပျိုးရေးဦးစီးဌာနကသင်တန်းလာပေးတာရှိလား။

   ဖြေ -ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတော့ စိုက်ပျိုးရေးဦးစီးဌာနက လိမ္မော်ပင်အို၊ ပင်ဟောင်း ထိန်းသိမ်းနည်းနဲ့ ပတ်သက်ပြီးတော့ သင်တန်းပေးတာရှိပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီသင်တန်းကို မတက်လိုက်ရပါဘူး။ ခရီးလွန်နေလို့ပါ။ဒါပေမဲ့ ရွာထဲမှာတခြားတက်ရတဲ့လူတွေရှိပါတယ်။ လိမ္မော်ပင် က မကောင်းတော့ဘူးဆိုရင် ပင်စည်နံဘေးမှာရှောက်ရိုင်းပင် ၃ ပင်လောက်စိုက်ရပါတယ်၊ အဲ့ဒီ ရှောက်ပင်က ရှင်သန်မှုရလာပြီ၊ အမြစ်အားကောင်းလာပြီ၊ လိမ္မော်ပင်အခေါက်ကို လှီး၊ ရှောက်ပင် အခေါက်ကို လှီးပြီးတော့ တိပ်နဲ့ပဲဖြစ်ဖြစ် ကြိုးနဲ့ပဲဖြစ်ဖြစ် ပတ်ပြီးတော့ စိုက်ပျိုးတဲ့နည်းကို သင်တန်း ပေးပါတယ်။ လိမ္မေ်ာအခေါက်နဲ့ ရှောက်အခေါက်ကို ကပ်ချည်ခြင်းအားဖြင့် ရှောက်ပင်အာဟာရက လိမ္မော်ပင်ထဲကို ရောက်ပါတယ်၊ အရင်လို အသီးကောင်းကောင်း ပြန်သီးနိုင်၊ အပင်လည်းကောင်းကောင်း ပြန်လည်ရှင်သန်နိုင်ပါတယ်။ေ တာင်သူတွေကို စိုက်ပျိုးနည်းစနစ်တွေ၊ အပင်ဖြစ်ထွန်းလာအောင် သဘာဝမြေသြဇာ ပြုလုပ်နည်းစနစ်တွေ၊ စနစ်တကျ ဘယ်လိုဆေးဖြန်းရ မလဲဆိုတဲ့ နည်းပညာတွေ ပေးဖို့လိုပါတယ်။

   လက်ရှိအနေအထားမှာလိမ္မော်ဈေးကွက်ကမတည်ငြိမ်ဘူး။ ဒီနေ့တစ်ထောင်ဖြစ်မယ်။ နောက်နေ့ ငါးရာဖြစ်ရင်ဖြစ်မယ်။ ဈေးကွက်တည်ငြိမ်အောင် ပြုလုပ်သင့်တယ်

  မေး - ရွာငံကလိမ္မော်တွေကို ဘယ်ဈေးကွက်တွေကို အဓိက တင်ပို့ရောင်းချလဲ။

  ဖြေ - ပထမတော့ ရွာငံကနေ ရန်ကုန်ကိုပို့တယ်။ အခုနောက်ပိုင်းတော့ ရန်ကုန်မှာက လိမ္မော် ဈေးကွက် နည်းနည်းပျက်လာတော့ အောင်ပန်း (မြို့) ဘက်ကိုပဲ တင်ပို့ရောင်းချတော့တယ်။  

   မေး -ဈေးကွက်မငြိမ်တဲ့ နောက်ဆက်တွဲရလဒ်က ဘာတွေ ဖြစ်မလဲ။

  ဖြေ -အဓိက အခက်အခဲကတော့ နည်းပညာပေါ့။ နည်းပညာမရှိတော့ လိမ္မော်တန်ချိန်က ထွက်သင့်သလောက် မထွက်ဘူးလို့ထင်ပါတယ်။ လိမ္မော်က ပြည်တွင်းမှာတောင် ဈေးကွက်က မမှန်ဘူး။ တစ်ခါတလေ ဈေးအရမ်းတက်တယ်၊ တစ်ခါတလေ အရမ်းကျတယ်။ ဈေးကွက်မရှိတဲ့အ တွက်ကြောင့် အကုန်အကျကများပြီးတော့ အမြတ်ကနည်းပါတယ်။ လိမ္မော်သီးကိုရွေးတဲ့အခါတစ်သီး၊ နှစ်သီး၊ သုံးသီးဆိုပြီးတော့ အမျိုးအစားသုံးမျိုးခွဲပါတယ်။ တစ်သီးဆိုအကြီးဆုံး၊ နှစ်သီးဆိုအလတ်၊ သုံးသီးဆိုအသေးဆုံးဆို ပြီးခွဲပါတယ်။ အမြင့်ဆုံးဈေးက ၁,၂ဝဝ၊ အလတ်ဈေးက ၈ဝဝ၊ အသေးအသီး က ၆ဝဝ၊ ၅ဝဝ အထိ ဖြစ်သွားတယ်။ အဲ့ဒါက တစ်ပိသာဈေးပါ။ တန်ချိန် သုံးဆယ်ဆိုရင် ၁၈,ဝဝဝ၊ ၂ဝ,ဝဝဝလောက်ပဲရပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် လိမ္မော်အသီးကိုဖျော်ရည် လုပ်စေချင်တယ်။ အသီး လုံးလိုက်ရောင်းတဲ့ ဈေးကွက်ရှိသလို၊ ဖျော်ရည်သောက်တဲ့ဈေးကွက်ရှိနေတော့ ကျွန်တော်တို့လို တောင်သူတွေအနေနဲ့ ပိုပြီးအဆင်ပြေနိုင်လိမ့်မယ်။

  ကုမ္ပဏီ အသင်းအဖွဲ့တွေကပဲဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ် လိမ္မော်ကိုဖျော်ရည်အနေနဲ့ ဖြန့်သင့်ပါ တယ်။ အခုအနေအထားအရတော့ တောင်သူတွေက အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး အဆင့်မီ အောင် လိုက်လုပ်နိုင်မယ်လို့ မထင်ဘူး။ နည်းပညာပေးလာရင်တော့ တောင်သူက လုပ်နိုင်မယ်။ လိမ္မော်နဲ့ ပတ်သက်ပြီး အပြောင်းအလဲ တစ်ခုခုလုပ်သင့်ပြီလို့ ထင်ပါတယ်။ တောင်သူတွေအနေနဲ့ လိမ္မော်ကို ပိုးသတ်ဆေးတွေ ဘာတွေမသုံးဘဲ သဘာဝနည်းအတိုင်း စိုက်ပျိုးသင့်တယ်။ အခြားထုတ် ကုန်တွေလိုပဲ သြဂဲနစ်လက်မှတ် ရအောင်လုပ်မယ်ဆိုရင် အဲ့ဒီလက်မှတ်နဲ့ နိုင်ငံတကာဈေးကွက်အထိ တင်ပို့ရောင်းချနိုင်မယ်၊ လိမ္မော်စိုက်တောင်သူတွေလည်းအဆင်ပြေနိုင်လိမ့်မယ်။

မေး -လိမ္မော်နဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားတဲ့အဖွဲ့တွေ တွေ့ရလား။ 

ဖြေ -ပိုးသတ်ဆေးကုမ္ပဏီတို့ ဘာတို့ကတော့ သူတို့ပစ္စည်းကိုကြော်ငြာရင်းနဲ့တော့ နည်းနည်း ပါးပါး ပြောပြတာရှိပါတယ်။ ပြည်ပအဖွဲ့အစည်းတွေရော ပြည်တွင်းအဖွဲ့အစည်းတွေကရော ကော်ဖီ၊ လက်ဖက်နဲ့ ပတ်သက်ပြီးတော့သာ စိတ်ဝင်စားတာ။လိမ္မော်ကလက်ဖက်တို့၊ ကော်ဖီတို့လို ပြည်ပဈေး ကွက်ကို မထိုးဖောက်နိုင်သေးဘူး။ ဒါကြောင့် လိမ္မော်ကိုလည်း ပြည်ပပို့ကုန် ဖြစ်စေချင်ပါတယ်။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly