နိုင်ငံတကာချစ်ကြည်ရေး ၀ူရှူးပြိုင်ပွဲသို့ မြန်မာ ၀ူရှူးအဖွဲ့ သွားရောက်ယှဉ်ပြိုင်

နိုင်ငံတကာချစ်ကြည်ရေး ၀ူရှူးပြိုင်ပွဲသို့ မြန်မာ ၀ူရှူးအဖွဲ့ သွားရောက်ယှဉ်ပြိုင်

သြဂုတ် ၁၊ ရန်ကုန် ။      ။ စင်ကာပူနိုင်ငံတွင် ကျင်းပပြုုလုပ်နေသည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာချစ်ကြည်ရေး ဝူရှူးပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝူရှူးအဖွဲ့ သွားရောက်ယှဉ်ပြိုင်လျက်ရှိသည် ဟုမြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးခင်စိုးက ပြောသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့မှ ထောက်လုကစားနည်းကို ကစားသမားလေးဦး သွားရောက်ယှဉ်ပြိုင်ကြပြီး ယင်းကစားသမားလေးဦးမှာ သိန်းသိန်းဦး၊ ရဲရင့်တိုက်ထွန်း၊ အောင်ကိုဟန်နှင့် ဇော်မင်းဟန် တို့ ဖြစ်ကြသည်။

‘‘ စင်ကာပူချစ်ကြည်ရေး ဝူရှူးပြိုင်ပွဲမှာ မြန်မာဝူရှူးအဖွဲ့အနေနဲ့ ပထမဆုံးအကြိမ် ဝင်ပြိုင်တာပါ။ နိုင်ငံတကာအသင်းတွေနဲ့ ဝူရှူး ကလပ်အသင်းတွေ ပါဝင်ပါတယ်။ ပွဲကတော့ ငါးရက်ဆက်တိုက် လုပ်မယ်လို့ သိထားပါတယ်။ ပြိုင်ပွဲက အသက်ကန့်သတ်မှုမရှိလို့ အသက် ၁၂ နှစ်ကနေ ၂၀ အတွင်း လူငယ်ကစားသမားလေးတွေကို ရွေးလွှတ်လိုက်ပါတယ်။ အဓိကကတော့ နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ ရစေချင်လို့ပါ။ ဝင်ပြိုင်တဲ့ အားကစားနည်းကတော့ ထောက်လု အားကစားနည်းပါ။ အဖွဲ့ချုပ်မှာတော့ မျိုးဆက်သစ်ကစားသမားလေးတွေ ပေါ်ထွက်လာဖို့ လေ့ကျင့်မှုတွေတော့ ပုံမှန်လုပ်နေပါတယ် ” ဟု ဦးခင်စိုးက ပြောသည်။

ဒုတိယအကြိမ်မြောက် စင်ကာပူချစ်ကြည်ရေး နိုင်ငံတကာ ဝူရှူးပြိုင်ပွဲကို ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၄ ရက် အထိ စင်ကာပူနိုင်ငံ ဘက်ဒေါ့အားကစားခန်းမတွင် ကျင်းပပြုလုပ် လျက်ရှိပြီးမြန်မာနိုင်ငံ အပါအဝင် ဂျာမနီ၊ ရုရှား၊ ပြင်သစ်၊ ဆွစ်ဇာလန် စသည့် နိုင်ငံများမှ ဝူရှူးကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly