အိုင်အက်စ်တို့၏ ဓားစာခံကွပ်မျက်မည့် အစီအစဉ် ဗြိတိန်ဒရုန်းယာဉ်မှ ဒုံးကျည်ပစ်လွှတ် တားဆီး

အိုင်အက်စ်တို့၏ ဓားစာခံကွပ်မျက်မည့် အစီအစဉ် ဗြိတိန်ဒရုန်းယာဉ်မှ ဒုံးကျည်ပစ်လွှတ် တားဆီး

မေ ၁၇ ။              ။ ဆီးရီးယားတွင် အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ ဓားစာခံ ကွပ်မျက်မည့် အစီအစဉ်တစ်ခုကို ဗြိတိန်တော်ဝင်လေတပ်မှ အချိန်မီ သိရှိတားဆီးနိုင်ခဲ့ခြင်းကြောင့် ဓားစာခံနှစ်ဦး အသက်ဆုံးရှုံးရတော့မည့်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားအရှေ့ခြမ်း အဘူကာမယ်မြို့တွင် အိုင်အက်စ် အစွန်းရောက်အဖွဲ့တစ်ခုက အရပ်သားလူအုပ်စုတစ်စုကို စုရုံးခေါ်ဆောင်လာသည်ကို ဒရုန်းယာဉ်တစ်စင်းဖြင့် ဗြိတိန်တပ်ဖွဲ့ဝင်တို့ဘက်က ရိပ်စားမိခဲ့သည်ဟု ဆိုသည်။

ယခု စုရုံးခေါ်ဆောင်လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အိုင်အက်စ်တို့က ၎င်းတို့ဖမ်းဆီးထားသည့် ဓားစာခံနှစ်ဦးကို လူအများရှေ့မှောက်တွင် ကွပ်မျက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ အကြမ်းဖက်သမားတု့ိ၏ အစီအစဉ်အရ ကွပ်မျက်မည့် နေရာကို အပေါ်စီးမှ မြင်နိုင်သည့် အဆောက်အဦးတစ်ခုပေါ်မှ စနိုက်ပါသမားနှစ်ဦးကို နေရာချထားကာ ဓားစာခံများကို ကွပ်မျက်ခိုင်းရန် ဖြစ်သည်။

အိုင်အက်စ်တို့အနေဖြင့် ဓားစာခံနှစ်ဦးကို ဗင်ကားတစ်စီးပေါ်မှ ချကာ ယင်းနေရာတွင် ကွပ်မျက်ရန် စီစဉ်ခြင်းဖြစ်ပြီး ယင်းသွေးပျက်ဖွယ်မြင်ကွင်းကို အတင်းအဓမ္မကြည့်ရှုခိုင်းရန် အရပ်သားများကို စုရုံးခေါ်ဆောင်လာခြင်း ဖြစ်သည်။

အခြေအနေကို ခဏအတွင်း ရိပ်စားမိသွားသော ဗြိတိန်တပ်ဖွဲ့ဝင်များက အဆိုပါ အဆောက်အအုံပေါ်တွင် နေရာယူထားသော လက်နက်ကိုင်အကြမ်းဖက်သမားနှစ်ဦးကို ဒရုန်းယာဉ်ဖြင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်သည်ဟု သိရသည်။

ယင်းပစ်လွှတ်မှုက ပစ်မှတ်ကို တည့်တည့်မတ်မတ် ထိမှန်ခဲ့ပြီး အိုင်အက်စ်သေနတ်သမားတစ်ဦး သေဆုံးစေခဲ့သကဲ့သို့ အကြမ်းဖက်သမားတို့၏ ဓားစာခံကွပ်မျက်မည့်အစီအစဉ်ကိုပါ ပျက်ပြားသွားစေခဲ့သည်။

အခြားသော အိုင်အက်စ်အဖွဲ့သားများမှာမူ အပြစ်မဲ့ အရပ်သားများနှင့် ရောနှောနေခဲ့သည့်အတွက် ၎င်းတို့ကို တိုက်ရိုက်ပစ်လွှတ်နိုင်ခဲ့ခြင်းမရှိခြင်းကြောင့် အခင်းနေရာမှ ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြီးခဲ့သည့် မေလ ၁၆ ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags