FDAနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရန်ကုန်က စျေးတွေကို စစ်ဆေးပြီ

FDAနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရန်ကုန်က စျေးတွေကို စစ်ဆေးပြီ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ မေ ၁၇ ။            ။ ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း အစီအစဉ်အဖြစ် အစားအသောက်နှင့်ဆေးဝါးစစ်ဆေးခြင်းကို မြန်မာနိုင်ငံ အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)နှင့်  ဌာနဆိုင်ရာများပူးပေါင်းပြီး ရန်ကုန်မြို့၊ သိမ်ကြီးဈေးတွင် မေလ ၁၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းအစီအစဉ်တွင် အစားအသောက်များအပါအဝင် တိုင်းရင်းဆေးနှင့် နိုင်ငံခြားဆေးဝါးများ၊ အလှကုန်ပစ္စည်း များကို စစ်ဆေးရေး အဖွဲ့ ၃ဖွဲ့ ခွဲပြီး စစ်ဆေးခဲ့ကြပြီး စားသုံးသူရေးရာအဖွဲ့၊ စည်ပင်သာယာရေးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းများလည်း ပူပေါင်းပါဝင်ခဲ့ကြသည်။

ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် အကြိမ်ကြိမ်ပြုလုပ်သွားမည့် အစီအစဉ်ဖြစ်သည်ဟု မြန်မာနိုင်ငံအစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာထွန်းလင်းအောင်က ဆိုသည်။

"ကျွန်တော်တို့ ဒါကိုဆက်လုပ်သွားမယ်။ ဝန်ထမ်းအင်အားလည်း တဖြည်းဖြည်းနဲ့ဖြည့်ဆည်းနေတယ်။ ကိုယ့် ဝန်ထမ်းများလာတာနဲ့အမျှ ကွပ်ကဲတဲ့အလုပ်ကို ပိုပြီးလုပ်သွားပါ့မယ်။ ဒီနေ့လုပ်တဲ့အစီအစဉ်က ကောက်ရိုးမီးလို ခဏလုပ်မှာ မဟုတ်ပါဘူး။ FDA ရဲ့ ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းနှစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ သက်ဆိုင်ရာရုံးခွဲတွေကနေတစ်ဆင့် မြို့တိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တစ်ဈေးပြီးတစ်ဈေး အကြိမ်ကြိမ် ဆောင်ရွက်သွားမယ်" ဟု ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

ယနေ့တွင် ငပိ၊ ငါးခြောက်၊ လက်ဖက်၊ ပဲပြား၊ ပဲအမျိုးမျိူးနှင့် အသားစိမ်းများအပါအဝင် ဆေးဝါးများကို ဝယ်ယူစစ်ဆေးခဲ့ပြီး၊ ပညာပေးဟောပြောခြင်းများလည်း အဖွဲ့လိုက်ဆောင်ရွက်ခဲ့ကြသည်။ စားသုံးသူများ အနေနှင့် ဓါတုဆိုးဆေးများပါဝင်သည့် အန္တရာယ်ရှိအစားအသောက်များကို ဈေးကွက်မှာနေ့စဉ်တွေ့နေရပြီး အစိုးရအနေနှင့် ထိရောက်စွာအရေးယူပေးရန်လိုအပ်သည်ဟု    ဈေးလာဝယ်သူဒေါ်စန္ဒာက ဆိုသည်။

"ကိုယ်ကတော့ သတိထားပြီးဝယ်တာပဲ၊ ဘယ်နေရာမဆို ဈေးသည်တွေက ပြန်ပြောတယ်။ အကုန် ဒီလိုပဲစားနေ တာပဲတဲ့။ မုန့်ဟင်းခါးဖက်တွေလည်း ကိုယ်က သွားပြောတော့ ဈေးသည်တွေက အဲဒါ စက်ရုံကထုတ်တာ။ ကျုပ်တို့လုပ်တာမဟုတ်ဘူး။ စက်ရုံကို သွားပြောဆိုပြီး ပြန်တောင်ပြောတယ်" ဟု ဒေါ်စန္ဒာက ပြောသည်။

ယနေ့စစ်ဆေးရန် ဝယ်ယူထားသည့် အစားအသောက်နှင့် ဆေးဝါးတစ်ချို့ကို မိုဘိုင်းဓါတ်ခွဲခန်းကားဖြင့် ချက်ချင်း စစ်ဆေးခဲ့ကြပြီး၊ စားသုံးရန်မသင့်လျော်သည့်စားသောက်ကုန်များကို  ထုတ်ပြန်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags