BC ရုပ်သံ၏ American Idol အစီအစဉ်တွင် ပေါ့ပ်စတား ကေတီပယ်ရီ ပါ၀င်မည်

BC ရုပ်သံ၏ American Idol အစီအစဉ်တွင် ပေါ့ပ်စတား ကေတီပယ်ရီ ပါ၀င်မည်

ABC ရုပ်သံမှ ထုတ်လွှင့်မည့် American Idol သီချင်းဆိုပြိုင်ပွဲ အစီအစဉ်တွင် ပေါ့ပ်စတား ကေတီပယ်ရီက ဒိုင်အဖြစ် ပါဝင်မည်ဖြစ်ကြောင်း ယင်းရုပ်သံမှ အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

American Idol အစီအစဉ်ကို Fox ရုပ်သံမှ season ၁၅ ကြိမ်တိတိ ထုတ်လွှင့်ခဲ့ပြီးနောက်တွင် ကြည့်ရှုသူနှုန်း လျော့ကျခဲ့သောကြောင့် ပြီးခဲ့သောနှစ်က ပယ်ဖျက်ခဲ့ပြီး ယခုအခါတွင် ABC ရုပ်သံမှ ပြန်လည်ဆန်းသစ်ကာ  ၂၀၁၈ ခုနှစ်တွင် ထုတ်လွှင့်ရန် စီစဉ်ထားပြီး အသက် ၃၂နှစ်အရွယ် ကေတီပယ်ရီသည် ထိုအစီအစဉ်အတွက် ရွေးချယ်ခံရသည့် ပထမဦးဆုံး နာမည်ကြီးတစ်ယောက် ဖြစ်သည်။

အခြားဒိုင်များကိုတော့ ယခုအချိန်ထိ ရွေးချယ်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

“ကျမ သီချင်းအသစ်တွေကို အမြဲတမ်းနားထောင်ပါတယ်။ ပြီးတော့ ကျောက်ရိုင်းတုံးလေးတွေကို ရှာဖွေပြီး အရည်အချင်းရှိတဲ့ မျက်နှာသစ် အနုပညာရှင်လေးတွေအဖြစ်   သွေးပေးရတာကို   နှစ်သက်ပါတယ်” ဟု ABC ရုပ်သံမှထုတ်ပြန်သော ကြေညာချက်ထဲတွင် ပယ်ရီက ပြောခဲ့သည်။

ဂရမ်မီဆု စကာတင်စာရင်းထဲ၌ အမြဲလိုလိုရွေးချယ်ခံရသူ ပေါ့ပ်ကြယ်ပွင့် ကေတီပယ်ရီသည် လွန်ခဲ့သော ၂၀၀၈ ခုနှစ်က စတင်၍ I Kissed a Girl သီချင်းဖြင့် လူအများရင်ထဲသို့ ထိုးဖောက် ဝင်ရောက်လာကာ California Gurls၊ Firework၊ Roar စသော သီချင်းများနှင့် ထူးခြားသော တင်ဆက်မှုများကြောင့် ဆက်တိုက် အောင်မြင်လာသူ တစ်ဦးဖြစ်သည်။ သူမသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သီချင်းခွေပေါင်း သန်း ၁၀၀ ကျော် ရောင်းချထားနိုင်ခဲ့သည်။

American Idol အစီအစဉ်သည် ကယ်လီကလာ့ခ်ဆန်၊ ဂျနီဖာဟတ်ဒ်ဆန် နှင့် အဒမ်လမ်းဘတ်တို့ ကဲ့သို့သော အနုပညာကြယ်ပွင့်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုအစီအစဉ်သည် ၂၀၀၅ နှင့် ၂၀၀၇ ခုနှစ်များတွင် လူကြိုက်အများဆုံး အစီအစဉ်များထဲမှ တစ်ခုဖြစ်ခဲ့ပြီး ကြည့်ရှုသူအရေအတွက် သန်း ၃၀ အထိ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ကြည့်ရှုသူ ၁၀.၆ သန်းအထိ ကျဆင်းသွားခဲ့သောကြောင့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ကြ သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly