YBS ယာဉ်များကို မသန်စွမ်းများ စီးနင်းရာတွင် အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်သွားမည်ဟု အစိုးရဆို

YBS ယာဉ်များကို မသန်စွမ်းများ စီးနင်းရာတွင် အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်သွားမည်ဟု အစိုးရဆို

ရန်ကုန်၊ မေ ၁၇ ။            ။ YBS ယာဉ်များကို မသန်စွမ်းများ စီးနင်းလိုက်ပါရာတွင် အဆင်ပြေလွယ်ကူစေရန် အစီအစဉ်များကို ယခုဘဏ္ဍာနှစ်အတွင်း ပြုလုပ်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်၌ ပြောဆိုလိုက်သည်။

"၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ စည်ပင်သာယာရေးကော်မတီဘတ်ဂျက်နဲ့ လမ်းများ၊ ပလက်ဖောင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ထိုသို့ဆောင်ရွက်ရာမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားတဲ့ မျက်မမြင်များအတွက် လျှောက်လမ်းတွေ မသန်စွမ်းတွေ အားလုံးအဆင်ပြေစေမယ့် အစီအစဉ်တွေကို ထည့်သွင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်" ဟု ဒေါ်နီလာကျော်ကဆိုသည်။

မေလ ၁၇ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် က "YBSယာဉ်များတွင် မသန်စွမ်းများ အဆင်ပြေလွယ်ကူစွာ စီးနင်းနိုင်မည့် အစီအမံများ ထည့်သွင်း စဉ်းစားရန် အစီအစဉ်ရှိ မရှိ" မေးမြန်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားမှတ်တိုင်များအဖြစ် အဆင့်မြှင့်တင်ရန် ပထမအဆင့်အနေဖြင့် မှတ်တိုင်(၁၅၀)၊ ဒုတိယအဆင့်အနေဖြင့် မှတ်တိုင်(၂၅၀)ကို ဆောက်လုပ်သွားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တင်ဒါခေါ်ယူထားပြီး အဆိုပါ မှတ်တိုင်များ ဆောက်လုပ်ရာတွင် မသန်စွမ်းများအတွက် အစီအစဉ်များ ထည့်သွင်းဆောက်လုပ်သွားမည်ဟု   ဒေါ်နီလာကျော်က ဆိုသည်။

ယခုလက်ရှိအခြေအနေတွင် တိုင်းဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်နေသည့် YBS စနစ် ယာဉ်လိုင်းများကို စီးနင်းရာ၌ ပြည်သူတွေအနေဖြင့် အဆင်မပြေမှုများ ကြုံတွေ့နေရပြီး မသန်စွမ်းတွေ စီးနင်းရာတွင်လည်း လွယ်ကူအဆင်ပြေစေနိုင်သည့်  အနေအထားမျိုး ရှိမနေခြင်းကို တွေ့မြင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly