ကွင်းဆက်လူသတ်သမား တက်ဒ်ဘန်ဒီအဖြစ် သရုပ်ဆောင်မည့် မင်းသားဇက်အက်ဖရွန်

ကွင်းဆက်လူသတ်သမား တက်ဒ်ဘန်ဒီအဖြစ် သရုပ်ဆောင်မည့် မင်းသားဇက်အက်ဖရွန်

High School Musical ဇာတ်ကားများဖြင့် နာမည်ကျော်ကြားလာခဲ့သော မင်းသားချောဇက်အက်ဖရွန်သည် အမေရိကန် ကွင်းဆက်လူသတ်သမား တက်ဒ်ဘန်ဒီအဖြစ် သရုပ်ဆောင်ရန် စာရင်းပေးသွင်းလိုက်ပြီဖြစ်သည်။

Extremely Wicked, Shockingly Evil and Vile ဟု အမည်ပေးထားသော အဆိုပါဇာတ်ကားကို ဘန်ဒီ၏ ဘဝဇာတ်ကြောင်းအား သူ၏ ချစ်သူက ပြန်ပြောင်း ပြောပြသော ပုံစံဖြင့် ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

ဘန်ဒီသည် ၁၉၇၀ ခုနှစ်များက အမျိုးသမီး ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်းအား သူ၏ချစ်သူ အဲလီဇဘတ် ကလိုဖာက အစပိုင်းတွင် မယုံကြည်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့အား ရဲလက်အပ်ခဲ့သည်။

အက်ဖရွန်သည် ယခုလို ဗီလိန်နေရာမှ သရုပ်ဆောင်မည်ဆိုသော သတင်းကို သူ၏ပရိသတ်များက အံ့သြမှင် သက်မိခဲ့ကြသည်။

အဆိုပါရုပ်ရှင်ကို အော်စကာဆု ဇကာတင်စာရင်း၌ ပါဝင်ခဲ့ဖူးသူ ဒါရိုက်တာဂျိုးဘာလင်ဂါက ရိုက်ကူးမည်ဖြစ်ပြီး သူသည် ကလေးငယ်သုံးဦးကို သတ်ဖြတ်ခဲ့မှုကြောင့် ၁၉၉၃ခုနှစ်တွင် ထောင်ချခံခဲ့ရသည့် လူငယ်လေး ဝက်စ်မမ်းဖစ်အကြောင်း မှတ်တမ်းရုပ်ရှင်ကို ယခင်က ရိုက်ကူးခဲ့ဖူးသည်။

ဒါ့အပြင် ဘာလင်ဂါသည် ဟဲဗီးမက်တယ် ဂီတအဖွဲ့ Metallica အကြောင်း ရိုက်ကူးထားသည့် Some Kind of Monster မှတ်တမ်းရုပ်ရှင်ကိုလည်း ဖန်တီးခဲ့ဖူးသည်။

အက်ဖရွန်သည် လာမည့်အောက်တိုဘာလတွင် ဘန်ဒီအကြောင်း ပုံဖော်ထားသည့် ရုပ်ရှင်ကို စတင်ရိုက်ကူး သွားမည်ဖြစ်ပြီး ယခု လောလောဆယ်တွင် The Greatest Showman ဟု အမည်ရသော ရုပ်ရှင်ကို ရိုက်ကူးပြီးစီးထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly