လူသေဆုံးခဲ့သော ပစ်ခတ်မှုအတွက် ခန္တီးအမတ်က ဝန်ကြီးချုပ်နှင့်တွေ့မည်

လူသေဆုံးခဲ့သော ပစ်ခတ်မှုအတွက် ခန္တီးအမတ်က ဝန်ကြီးချုပ်နှင့်တွေ့မည်

မုံရွာ၊ မေ ၁၇။  ။ မေ ၁၇ ရက် နံနက်ပိုင်းက ခန္တီးမြို့နယ်တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ခန္တီးမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောသည်။

"ဒီညနေပဲတွေ့ခွင့်ရအောင်ကြိုးစားမယ်၊ တွေ့ပြီးရင် ဒီနေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးသွားပါ့မယ်။ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရအနေနဲ့ ဘာတွေဆောင်ရွက်ပေးနိုင်မလဲဆိုတာ ဆွေးနွေးသွားပါ့မယ်" ဟု ခန္တီးမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက မဇ္ဈိမသို့ ပြောသည်။

ယနေ့ မေလ ၁၇ ရက် နံနက်ပိုင်းက ခန္တီးရတနာမြေ မကျန်ခမှော်တွင် ရေမဆေးကျောက်ရှာဖွေသူများ နှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်ကာ ၃ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ အမတ်က ပြောသည်။ 

ထို့ပြင် ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၇ ဦးခန့်ရှိသည်ဟု အဆက်အသွယ်ရကြောင်း၊ အသေးစိတ်အား ညနေပိုင်းမှသိရှိရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မေလ ၁၃ ရက်က ခန္တီးရတနာနယ်မြေအတွင်း ရေမဆေးကျောက်ရှာဖွေသူများနှင့် ကုမ္ပဏီကြား ပဋိပက္ခမဖြစ်ပွားစေရန် လုပ်ငန်းစဉ် ၄ရပ်အား ချမှတ်ခဲ့သော်လည်း ရက်ပိုင်းအတွင်းမှာပင် လူသေဆုံးမှုဖြစ်ပွားခဲ့သည့်အတွက် သံသယဝင်မိကြောင်း ဆက်လက် သုံးသပ်သည်။

 ပြီးခဲ့သည့် မေလ ၁၅ရက်က ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးမှ ခန္တီးမြို့နယ်၊ နန်စီပွန်လုပ်ကွက်နှင့် မကျန်ခလုပ်ကွက်အတွင်း တရားမဝင် နေထိုင်သူများအား ၂၀၁၇ခုနှစ် မေ ၃၀ ရက်အတွင်းထွက်ခွာပေးရန် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၃ အရထုတ်ပြန်ခဲ့သည်။

ယနေ့နံနက်ကဖြစ်ပွားခဲ့သော ပစ်ခတ်မှုများသည် ပဋိပက္ခဖြစ်ပွားခြင်း မဟုတ်ကြောင်း၊ ဥပဒေအတိုင်းဖြေရှင်းကြရန်မှာကြားထားကြောင်း၊ လိုအပ်ပါက စစ်တပ်အကူအညီကို ရယူရန် မှာကြားထားကြောင်း။ တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ယနေ့ တိုင်းဒေသကြီးလွှတ်တော်ပြီးချိန်တွင် သတင်းထောက်များအားပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly