သစ်တောပြုန်းတီးမှု ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကောင်းမွန်ခိုင်မာသော စီမံအုပ်ချုပ်မှု အဓိကကျကြောင်း ဝန်ကြီးပြော

သစ်တောပြုန်းတီးမှု ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကောင်းမွန်ခိုင်မာသော စီမံအုပ်ချုပ်မှု အဓိကကျကြောင်း ဝန်ကြီးပြော

နေပြည်တော်၊ မေ ၁၇ ။              ။ သစ်တောပြုန်းတီးမှု ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကောင်းမွန်ခိုင်မာသော စီမံအုပ်ချုပ်မှုက အဓိက ကျသည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

ဝန်ကြီးက မေလ ၁၇ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် မဲခေါင်သစ်တောများအတွက် ဒေသခံတို့အသံ နိုင်ငံအဆင့် ကနဦး အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင်   ပြောခဲ့ခြင်းဖြစ်သည်။

သစ်တောပြုန်းတီးမှုများကို ဖြစ်စေသည့် အကြောင်းအရင်းများစွာရှိနေပြီး ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုကို ဦးတည်သွားနိုင်ရန် ကြိုးပမ်းအားထုတ်နေချိန်တွင်လည်း ကောင်းမွန်သည့် စီမံအုပ်ချုပ်မှု မရှိပါက ထိရောက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတို့မရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

“ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု မရှိရင်ကတော့ ထိရောက်သော ပါဝင်ဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု အစရှိတဲ့ အခြေခံအုတ်မြစ်တွေကလည်းပဲ အရာထင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု ခိုင်မာစေရေးတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အထူးသဖြင့် အရပ်ဘက်ပြည်သူများ၏ အရပ်ဘက် ပြည်သူများ ပါဝင်ခွင့် ရရှိခြင်းသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်နေပြီး တရားမဝင် သစ်မှောင်ခို ထုတ်လုပ်ရောင်းဝယ်သမှုများကို ကာကွယ်တားဆီးနိုင်ရန် လူထုအခြေပြု စောင့်ကြည့်ခြင်းနှင့် သတင်းပို့ စနစ်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဦးအုန်းဝင်းကဆိုသည်။

ယင်းအပြင် သစ်မှောင်ခိုကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီးက “တိုင်းနဲ့ ပြည်နယ်တွေမှာပဲ အကြောင်းအမျိုးမျိုးကြောင့် သစ်မှောင်ခိုတွေ ရှိတာပေါ့ဗျာ။ အဲ့တော့ ကျွန်တော်တို့က လူထုအခြေခံတဲ့ ဒေသခံကို အခြေခံပြီးတော့ သစ်မှောင်ခို တတ်နိုင်သမျှနှိမ်နင်းပေါ့လေ။ ဆိုလိုတာက ဒေသခံပြည်သူများ ပူးပေါင်းပြီးတော့ သစ်မှောင်ခို ရှိတဲ့ဟာတွေ ဖော်ထုတ်ပြီးတော့ သစ်တောဦးစီးဌာန ရှိမယ်၊ သစ်တောရဲ ရှိမယ်၊ နောက်တခြားကျွန်တော်တို့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ဖမ်းစီးမှုအစီအစဉ်ကို ခေါ်တာပါ၊ အခုလည်း ကျွန်တော်တို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု ရှင်းပြသည်။

မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယား နိုင်ငံတို့ ပါဝင်ကြပြီး အဆိုပါ နိုင်ငံတို့နှင့်အတူ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ နှစ် အထိ ငါးနှစ်ကြာ မဲခေါင်သစ်တောများအတွက် ဒေသခံတို့ အသံစီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တနသာၤရီ ဒေါနဂေဟနယ်စပ်တွင် ဆောင်ရွက်သွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆက်ပြောသည်။

အဆိုပါ မဲခေါင်ဒေသကို အမှီပြု နေထိုင်သော လူဦးရေသည် ခန့်မှန်းဦးရေ(၈၅)သန်းခန့် ရှိပြီး အဆိုပါ လူဦးရေ၏ (၃၀)ရာခိုင်နှုန်းလောက်သည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် နေထိုင်ခဲ့ကြရသည်။

၎င်းဒေသတွင်းရှိ သစ်တောပြုန်းတီးမှုသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ (၄.၉) ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ခုနှစ်မှ ၂၁၀၅ ခုနှစ်ကာလ အတွင်းတွင် နှစ်စဉ်သစ်တောပြုန်းတီးမှုသည် (၁.၇) ရာခိုင်နှုန်းခန့်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၏ အဖွင့်မိန့်ခွန်းတွင်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly