ကေတီဗီဆိုင်များ ဖွင့်ခွင့်မရမချင်း ဆန္ဒဖော်ထုတ်မည်ဟုဆို

ကေတီဗီဆိုင်များ ဖွင့်ခွင့်မရမချင်း ဆန္ဒဖော်ထုတ်မည်ဟုဆို

ရန်ကုန်၊ မေ ၁၆ ။                   ။ မင်္ဂလာဈေးအပေါ်ထပ်က ကေတီဗီဆိုင်များကို တရားဝင်ပုံမှန်အတိုင်း ဖွင့်ခွင့်မရမချင်း ဆန္ဒဖော်ထုတ်သွားမည်ဟု မေလ ၁၆ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့၊ မင်္ဂလာဈေးတွင် ကေတီဗီဆိုင်ရှင်များနှင့် ဝန်ထမ်းများပူပေါင်းပြီး ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူကိုတင်ကိုသန်းက ပြောသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်စာချုပ် ချုပ်ဆိုထားသော်လည်း မင်္ဂလာဈေးအပေါ်ထပ်က ကေတီဗီဆိုင်များကို မေလ ၁၅ ရက်နောက်ဆုံးထားပြီး စည်ပင်သာယာရေးကော်မတီဈေးများဋ္ဌာနက ယာယီ ၁ လ ပိတ်သိမ်းခိုင်းထားခြင်းဖြစ်သည်။

ဆိုင်ခန်းပိတ်သိမ်းခိုင်းမှုကို လုပ်ငန်းရှင်များက ညှိနှိုင်းရန် တင်ပြတောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိကြောင်း Lucky KTV မန်နေဂျာဖြစ်သူ ကိုတင်ကိုသန်းက ဆိုသည်။

"ဘာမှဖြေရှင်းပေးတာမရှိဘူး။ စာတွေပဲ အတန်တန်ပို့နေတယ်။ အကြိမ်အကြိမ်အခါခါ စာတွေပို့တယ်။ ကျွန်တော်တို့လည်း သူတို့ဆီကို တွေ့ဆုံညှိနှိုင်းဖို့ အကြိမ်အကြိမ်အခါခါ စာတွေပို့တယ်။ ဒါပေမယ့် သူတို့ က ဒီနေ့ထက်ထိ ဘာမှအကြောင်းမပြန်ဘူး။" ဟု ကိုတင်ကိုသန်းက ပြောသည်။

ယခုကဲ့သို့ ဆိုင်များကို ယာယီ ပိတ်သိမ်းခိုင်းထားသည့်အတွက် ဆိုင်ရှင်များအပါအဝင် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေရသည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ကိုစောစံက ဆိုသည်။

"ဒီလုပ်ငန်းတွေက တရားမဝင်ဘူးပြောရအောင်လည်း တစ်နိုင်ငံလုံးနီးပါး ဒီလုပ်ငန်းတွေရှိနေတာပဲ၊ ကျွန်တော်တို့ဆိုရင် ၈ နှစ် ၁၀ နှစ်ဝန်းကျင်ရှိနေပြီ။ တရားဝင်လုပ်ကိုင်ခွင့်စာချုပ်ရှိတယ်။ စာချုပ်သက်တမ်းလည်း ရှိသေးတယ်။ သူတို့ချပေးထားတဲ့လိုင်စင်အသီးသီးမှာ ပေးဆောင်ပြီး ဖွင့်ထားတာ။ တရားဝင်လုပ်ငန်းဖြစ်တဲ့အတွက် ဒီလိုပိတ်သိမ်းမယ်ဆိုရင် လုပ်ငန်းရှင်တွေနဲ့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးဖို့ ညှိနှိုင်းဖို့ ဖြစ်စေချင်တာ။ အခု အဲဒီလိုမဖြစ်တော့ အခု ၁ လ ရှိသွားပြီ။ ဝန်ထမ်းတွေ အခက်အခဲ၊ ဒုက္ခဖြစ်ရတာပေါ့။" ဟု ကိုစောစံက ပြောသည်။

မင်္ဂလာဈေးအပေါ်ထပ်က ကေတီဗီဆိုင်များကို တရားဝင်ပုံမှန်အတိုင်းဖွင့်ခွင့်ရရေးအတွက် ကေတီဗီဆိုင်ရှင်များနှင့် ဝန်ထမ်းများပူပေါင်းပြီး မေလ ၁၄ ရက်ကလည်း ပထမအကြိမ်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ယနေ့ ဒုတိယအကြိမ်ဆန္ဒဖော်ထုတ်ရာတွင် လူအင်အား ၁၅ ဦးဝန်းကျင် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly