ထွက်​နှုန်​းလျော့လာသောကြောင့် ရေနံ လုပ်ကိုင်သူများ မှော်သစ်မျှော်

ထွက်​နှုန်​းလျော့လာသောကြောင့် ရေနံ လုပ်ကိုင်သူများ မှော်သစ်မျှော်
ဓါတ်ပုံ -ပိုင်ဇေ(မကွေး)

မင်းလှ၊ မေ ၁၆ ။              ။ ရေနံအထွက်နှုန်း လျော့နည်းကျဆင်း လာသောကြောင့် မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရေနံမ၊ ဓာတ်ကုန်း၊ ငနောင်မုန်း ဒေသများရှိ ရေနံလက်ယက်တွင်းတိမ် တူးဖော်ရေးလုပ်ငန်း(ရေနံမှော်)များကို မှီခိုလုပ်ကိုင်နေသူများ အခက်အခဲ ကြုံနေရပြီး မှော်သစ်ပေါ်ရန် မျှော်လင့်နေရ ကြောင်း သိရသည်။

ရေနံမှော်များ၏ ရေနံထွက်ရှိမှုသည် ၂၀၁၆ ခုနှစ်က တစ်ရက်လျှင် ပေပါ ၂၀၀၀ ခန့်ထွက်ရှိနေရာမှ ယခုနှစ်ပိုင်းအတွင်း တစ်ရက် ပေပါ ၈၀၀ ဝန်းကျင်အထိ သိသိသာသာလျော့ နည်း ကျဆင်းလာနေသည်ဟု ဆီခြံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ရေနံမ၊ ဓာတ်ကုန်းဒေသတွင် ရေနံဝယ်ရောင်းလုပ်ကိုင်သည့် ဆီခြံ(၂၀)ဝန်းကျင်ရှိပြီး ရေနံအထွက်နှုန်းကျဆင်းနေသည့်အတွက် ဝယ်ရောင်းလုပ်ကိုင်သူများ အဆင်မပြေသကဲ့သို့ ရေနံမှော်စည်ကားမှုအပေါ်လိုက်ပြီး ရွှေ့ပြောင်းလုပ်ကိုင်စားသောက်ကြရသည့် ဈေးသည်များလည်း အဆင်မပြေကြဟု ဆီခြံပိုင်ရှင်တစ်ဦးဖြစ် သူ ဦးကျော်စွာဝင်းက ဆိုသည်။

“ရေနံအထွက်များပြီး လူစည်ကားမှ အရောင်းအဝယ်ကောင်းတယ်။ရေနံ လုပ်သားတွေလည်း ငွေရွှင်တယ်။ အခု အခြေအနေအရ ဒီဒေသက လူတွေကတော့ မှော်သစ်ပေါ်ဖို့ပဲ မျှော်လင့်နေကြတာ” ဟု ဦးကျော်စွာဝင်းက ပြောသည်။

ရေနံမှော်သစ်ပေါ်ရန်အတွက်လည်း အရဲစွန်ပြီး တူးမည့်သူတွေရှိမှဖြစ်သည်ဟု ရေနံလက်ယက်တွင်းတူးသူ ဦးသိန်းဝင်း ဆိုသည်။

"ရှေ့ကနေ လူမိုက်နှင်းတောတိုး စမ်းတွင်း တူးရတာပါ။ အရင်းအနှီးကလည်းများ၊ ဆီထွက်နှုန်းကလည်း ကျနေတော့ အရဲစွန့်ပြီး မတူးရဲသေးဘူး" ဟု ရေနံလက်ယက်တွင်းတူးသူ ဦးသိန်းဝင်းက ပြောသည်။

ရေနံကျင်းတစ်ကျင်း၏ ကုန်ကျစားရိတ်ခန့်မှန်တန်ဖိုးမှာ ကျင်းတစ်ကျင်းတူး၍ တစ်ပေပါမှ နှစ်ပေပါထိထွက်ရှိလျှင် မြေရှင်ခ(၁၀)သိန်း၊ (၅)ပေပါခန့်ထွက်ရှိလျှင်(၂၅)သိန်းခန့် နှင့် အဖို့စားစနစ်ဖြင့်လုပ်လျှင်  ငါးစုတစ်စု/ခြောက်စု တစ်စုတို့ကို ယာခင်းပိုင်ရှင်အားပေးချေရကြောင်း၊ စက်လှည့်လုပ်သားခ တစ်ပေလျှင်(၁၂၀၀)ကျပ်ခန့်နှုန်းဖြင့် ပေအနက်ပေါ်မူတည်၍ တစ်ကျင်းလျှင် (၁၀)သိန်းမှ(၂၅)သိန်းထိ ပေးရကြောင်း၊ ရေနှင့်မြေပြိုမှုကာကွယ်ရန် သံပိုက်ထိုးခြင်းအတွက် ၂လက်မသံပိုက် 22Kg ပေ၂၀တစ်လုံးလျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့် (၁၀)သိန်းမှ(၁၈)သိန်းကြား၊ သံပိုက်ဂဟေဆက်ခ တစ်ဆက်လျှင်(၃၀၀၀)ကျပ်ဖြင့် (၂)သိန်းကျပ်ခန့်၊ ဆီခပ်ရန်အတွက် စက်ကလပ်ခုံကြိုးအစုံ(၁၀)သိန်းကျပ်ခန့် ကုန်ကျမှုရှိကြောင်း၊ ဆီခပ်လုပ်သားတစ်ဦးလျှင် လစာ(၁၈၀,၀၀၀)ကျပ်ပေးရပြီး ဆီထွက်ရှိမှုအပေါ်မူတည်ကာ တစ်ဦး မှနှစ်ဦးထိ ခန့်ထားရကြောင်း တွင်းပိုင်ရှင်များထံမှ သိရသည်။

ရေနံမဒေသတွင် ရေနံလက်ယက်တွင်း တိမ်လုပ်ငန်းများကို ၂၀၀၄ ခုနှစ်မှစတင်ကာ လက်ထောင်းကြိုးဆွဲစနစ်ဖြင့် စတင်တူးဖောခဲ့ကြပြီး ၂၀၁၅ ခုနှစ်ဝန်းကျင်တွင် စက်ကလပ်ခုံ၊ လက်လှည့် Water Jet ဂျက်တို့ကို အသုံးပြုလာခဲ့သည်။

၂၀၀၆ ခုနှစ်မှ ယနေ့အချိန်ထိ ကရောင်း စက်(ခေါ်)ရေလုံးစက်များဖြင့် တူးဖော်မှုများရှိနေပြီး အဆိုပါရေနံမှော်များတွင် မြန်မာနိုင်ငံအနှံအပြားမှ ရေနံတွင်းတူး၊ ဆီကယ်ရီတိုက်၊ ဆီခပ်၊ တွင်းကုန်ဂဟေဆက်နှင့် ပိုက်ဆက်၊ပိုက်နှုတ် လုပ်ငန်းလုပ်ကိုင်သူများ၊ ဈေးသည် မိသားစုများ မှီခိုနေကြကြောင်း သိရသည်။

ဒေသအတွင်းရေနံချက်ဖိုမရှိသေးသဖြင့် လက်ယက်တွင်းတိမ်လုပ်ငန်းမှ ထွက်ရှိလာသည့် ရေနံစိမ်းများကို တစ်စီးလျှင် ပေပါ ၈၀ မှ ၁၆၀ ထိ ဝင်ဆံ့သော ဆီဘောက်ဆာယာဉ်များဖြင့် မုံရွာမြို့၊ ကျောက္ကာရေနံချက်ဖိုများသို့ တိုင်းဒေသကြီးအစိုးရ၏ ရေနံသယ်ယူခွင့်မျောစာဖြင့် ပို့ဆောင်ကြရသည်။

ရေနံစိမ်းတစ်ပေပါလျှင် ကုန်သွယ်ခွန်၁၆၅၀ ကျပ်၊ စည်းကြပ်ခွန် ၂၀၀ ကျပ်၊ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ၃၀၀၀ ကျပ်၊စုစုပေါင်း ၄၈၅၀ ကျပ် အခွန်ပေး ဆောင်လုပ်ကိုင်ကြရသည်ဟု လုပ်ငန်း ရှင်များထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly