သာသနာရေးဝန်ကြီးကို လူသောင်းချီ အင်အားဖြင့် အစိုးရရုံးစိုက်ရာ မြို့တော်တွင် ဆန္ဒပြရန် စီစဉ်

သာသနာရေးဝန်ကြီးကို လူသောင်းချီ အင်အားဖြင့် အစိုးရရုံးစိုက်ရာ မြို့တော်တွင် ဆန္ဒပြရန် စီစဉ်
မတ်လ ၁၂ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဖြစ်သူ သူရဦးအောင်ကို ကို ကရင်၊ မွန်ပြည်နယ်များနှင့် ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးတိုင်းတို့မှ လူပုဂ္ဂိုလ်နှင့် သံဃာအင်အား ၃၀၀၀၀ ခန့်ပါဝင်မည့် ကန့်ကွက် ဆန္ဒပြပွဲတစ်ခုကို အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သော နေပြည်တော်တွင် ပြုလုပ်ရန် စီစဉ်နေသည်။

ဆန္ဒပြပွဲ ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းခံမှာ “ဗုဒ္ဓဘာသာနှင့် သံဃာတော်များကို ဖိနှိပ်မှု” ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ ခွင့်ပြုမိန့်တောင်းခံရာတွင် အကြောင်းပြချက် ပေးထားသည်ကို တွေ့ရသည်။

ဦးဆောင်မည့်သူမှာ ဦးကျော်မျိုးသက်ဖြစ်ပြီး မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်းဟု ခွင့်ပြုမိန့် တောင်းခံလွှာတွင် ပါရှိသည်။

ဟောပြောမည့်သူများအဖြစ် ပြီးခဲ့သည့်လွှတ်တော်တွင် ဘူးလက် လှဆွေဟု ထင်ရှားခဲ့သူ အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးလှဆွေလည်း ပါဝင်မည်ဖြစ်သည်။

လက်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို လက်ထက်တွင် ဗုဒ္ဓဘာသာကို ဦးစားမပေးဘဲ အခြားဘာသာနှစ်ခုကို ဦးစားပေးခြင်းကြောင့် ဆန္ဒပြပွဲတွင် ဝင်ရောက်ဟောပြောမည်ဖြစ်ကြောင်း ဦးလှဆွေက မဇ္ဈိမကို ပြောသည်။

“သူ(သူရဦးအောင်ကို)က ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် လျစ်လျူရှုပြီးတော့ တခြားဘာသာနဲ့ ပတ်သက်ရင် အဖား ကြမ်းနေပြီ။ ဒါကို ကျွန်တော်တို့က ထောက်ပြရမယ်ဗျ” ဟု ဦးလှဆွေက ဆိုသည်။

ဆန္ဒပြပွဲတွင် ကြွေးကြော်သံများအဖြစ် “သာ/ယဉ်ဝန်ကြီး ရာထူးမှ နှုတ်ထွက်ပေးရေး” ၊ “သာသနာတော်ကို ထိပါးသူ သာသနာ့ရန်သူ- ဒို့ရန်သူ” ၊ “ဝိနိစ္ဆရရေးရာ စွက်ဖက်သည့် ဝန်ကြီး အလိုမရှိ” ၊ “အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး” စသဖြင့် ကြွေးကြော်ကြမည်ဟု ခွင့်ပြုမိန့် တောင်းခံလွှာတွင် ဖော်ပြထားသည်။

ခွင့်ပြုမိန့်နှင့်ပတ်သက်၍ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က “သူက သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပဲ ခွင့်ပြုရတာလေ။ ဒါတွေ စိစစ်တာ၊ ဘာညာ ဘာညာကတော့ သူတို့ စိစစ်ပါလိမ့်မယ်။ လောလောဆယ်တော့ ဘာမှ အကြောင်းမပြန်ထားသေးဘူး။ လာတင်ထားတာပဲ ရှိသေးတယ်” ဟု မဇ္ဈိမကို ပြောသည်။

ခွင့်ပြုမိန့် ရရှိပါက လာမည့် မေလ ၂၀ရက်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်းအတွင်း ဆန္ဒပြကြမည် ဖြစ်သည်။

အကယ်၍ ဤဆန္ဒပြပွဲ ပေါ်ပေါက်လာပါက အစိုးရသစ်လက်ထက် ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦး ပထမဆုံး ကန့်ကွက် ခံရခြင်းဖြစ်ကာ လူပုဂ္ဂိုလ်နှင့် သံဃာ အများဆုံးတက်ရောက်ဆန္ဒပြကြမည့် ဆန္ဒပြပွဲလည်း ဖြစ်ဖွယ်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly