သဘာဝဘေးအတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ဆွေးနွေး

သဘာဝဘေးအတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ဆွေးနွေး
(ဓာတ်ပုံ- ဘိုဘို)

ရန်ကုန်၊ မေ ၁၆ ။                     ။ မြန်မာနိုင်ငံမှာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြသည့် အရပ်ဖက်အဖွဲ့အစည်းတွေ ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ပဏာမ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို မေလ၁၆ရက်က ရန်ကုန်မြို့Central ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန အာရှဒေသ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးဌာန(ADPC)တို့နှင့် ပူးပေါင်းပြီးကျင်းပခဲ့သည်။

အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ဖို့ ဆာဗေးကောက်ယူမှုတွေ ပြုလုပ်သွားမည်ဟု ADPC ၏ စီမံကိန်းမန်နေဂျာ မသန်းသန်းက ပြောသည်။

"ဘေးအန္တရာယ်အဖြစ်များတဲ့ ခရိုင်၁၆ခုကို ရွေးပြီးတော့ အဖွဲ့အစည်းတွေက အဲ့မှာသွားပြီးကောက်ယူမှာဖြစ်ပါတယ်။ ကောက်ယူရတဲ့အချက်အလက်တွေကို သုံးသပ်ချက်တွေလုပ်ပြီး အစီရင်ခံစာတစ်ခုထွက်ပါမယ်။ တွေ့ရှိချက်တွေကို အစည်းအဝေးမှာတက်လာတဲ့ ဌာနဆိုင်ရာတွေ ပြည်တွင်းအဖွဲ့အစည်းတွေကို မျှဝေပေးမှာဖြစ်ပါတယ်"ဟု သူကဆက်ပြောသည်။

ဆွေးနွေပွဲကိုတက်ရောက်လာသည့် ထွန်းသစ်စ ကလေးသူငယ်စောင့်ရေးအဖွဲ့မှ ဒေါ်ခင်နှင်းရည်က အဖွဲ့အစည်းအသီးသီး ပူပေါင်းဆောင်ရွက်မှသာ ထိရောက်မှုရှိမည်ဖြစ်ကြောင်း ၎င်း၏ အမြင်ကိုပြောသည်။

"ကြိုတင်ပြင်ဆင်ရမယ့်နေရာတွေ အများကြီးရှိတယ်ပေ့ါနော်။ အဲ့မှာကိုယ့်အဖွဲ့အစည်းအင်းအားလေးက တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ပြီးတော့ အင်အားစု အများကြီးဖြစ်လာမယ်။ သဘာဝဘေးအန္တရာယ်ဖြစ်နေတဲ့နေရာတွေမှာ ထိရောက်မြန်ဆန်စွာကူညီနိုင်မယ်လို့ ယူဆပါတယ်"ဟု ဒေါ်ခင်နှင်းရည်က ပြောသည်။

သဘာဝဘေးကြောင့်ဖြစ်ပွားသည့် ဘေးအန္တရာယ်များတွင် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် ဘေးအန္တရာယ်ကြုံတွေ့နေရသည့် ဒေသများတွင် အကူအညီ ရသင့်သလောက် မရသည့် အခြေအနေမျိုးလည်း ရှိနေကြောင်း KTCare Foundation မှ ဒေါက်တာပိုင်စိုးကျော်ကပြောသည်။

"ကျွန်တော်တို့အဖွဲ့တွေရဲ့ Technical Knowledge ပေ့ါ မြှင်တင်ဖို့လိုအပ်မယ်။ မြှင့်တင်ခြင်းအားဖြင့်လည်း ဒေသအတွင်းမှာရှိတဲ့ အရေးပေါ်အခြေနေကူညီကယ်ဆယ်ရေးတွေမှာ ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်မယ်လို့ ရည်ရွယ်ပါတယ်"ဟုပြောသည်။

အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ဆာဗေးကောက်ယူမှုများကို မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၉ခုရှိ ဘေးအန္တရာယ်အဖြစ်များသည့် ခရိုင်၁၆ခုတွင် ၁လကြာ   ကောက်ယူသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly