ဆင်မတစ်ကောင်အား သတ်ပြီး အရေခွံခွာယူခဲ့သူနှစ်ဦး လက်နက်နှင့်အတူ သာယာဝတီတွင်ဖမ်းမိ

ဆင်မတစ်ကောင်အား သတ်ပြီး အရေခွံခွာယူခဲ့သူနှစ်ဦး လက်နက်နှင့်အတူ သာယာဝတီတွင်ဖမ်းမိ
ဓာတ်ပုံ - သစ်တောဦးစီးဌာန

ရန်ကုန်၊ မေလ ၁၆ ။                  ။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်ကြိုးဝိုင်းအတွင်း တောဆင်ရိုင်းအမတစ်ကောင်အား သတ်ကာ အရေခွံခွာယူခဲ့သူနှစ်ဦးကို လက်နက်နှင့်အတူ မေလ ၁၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မေလ ၁၄ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သာယာဝတီမြို့မ ရဲစခန်းနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများက သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ သာယာဝတီမြို့နယ်၊ သုံးဆယ်ကြိုးဝိုင်း၊ အကွက်အမှတ် (၄၃) ရေအောက်တောကြောပေါ်တွင် တောဆင်ရိုင်းသတ်ပြီး အရေခွံခွာယူခဲ့သူနှစ်ဦးကို ပီနံအိတ် ၆ လုံးဖြင့်ထည့်ထားသည့် ဆင်သား ရေခွဲအခြောက်များ၊ တူမီးသေနတ် နှစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါကျူးလွန်သူနှစ်ဦးမှာ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ စမ်းကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် သန်းဇော်ဦးနှင့် အသက် ၄၃ နှစ်အရွယ် ဦးအောင်ရာတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းဖမ်းဆီးရမိသူနှစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့ ဆင်သတ်ထားသည့် နေရာသို့ သွားရောက်ရှာဖွေခဲ့ရာ သုံးဆယ်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၁၃၊ ဖျံချောင်းဖျားနေရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အရေခွံခွာ ထားသည့် ဆင်သေတစ်ကောင်အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆိုပါနှစ်ဦးကို သာယာဝတီမြို့မရဲစခန်းတွင် သားငှက်ဥပဒေ ပုဒ်မ (၃၇) က နှင့် လက်နက်ဥပဒေပုဒ်မ ၁၉ (ခ) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly