မန္တလေး၊ မေ ၁၆ ။ ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ချို့တွင် ရေထွက်ပေါက်များပျောက်ကာ လမ်းမပေါ်နှင့်နေအိမ်တစ်ချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားလျှက်ရှိသည်။
ထိုသို့ ရေထွက်ပေါက်များပိတ်ရခြင်းမှာ ငါးကန်များကို ပိုင်ရှင်များက မြေဖို့ရောင်းချရာတွင် ရှေးယခင်ကတည်းက အသုံးပြုခဲ့သည့် ရေမြောင်းများပါဖို့၍ ရောင်းချနေခြင်းကြောင့် ရေမြောင်းများပိတ်ကာ ရေလျှံရခြင်းဖြစ်ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများကဆိုသည်။
အမရဋ္ဌာနီအရှေ့ရပ်ကွက်၊ ၁၉ကွက်တွင် နေထိုင်သူ တိုင်းရင်းသမားတော် ဦးဇော်မင်းက "ကလေးတွေအတွက် ကျန်းမာရေးဂရုစိုက်ရမယ်။ ရေထွက်ပေါက်ဘယ်လိုပြန်ရှာရမယ်ဆိုတာ သက်ဆိုင်ရာလူကြီးတွေအနေနဲ့ ညှိနှိုင်းအဖြေရှာသင့်တယ်။ ဒီအတိုင်းပြစ်ထားရင် ပိုဆိုးမယ်။ မိုးကလည်းလာနေပြီ။"ဟု ပြောသည်။
ဘုရားနှစ်ဆူအနောက်ဘက်တွင် နေထိုင်သူ ဒေါ်ခင်သစ် "အိမ်ထဲထိ ရေဝင်နေတာ တစ်ပတ်ကျော်ပြီ။ ကလေးတွေ သူများအိမ်ပို့ထားရတယ်။ မြောင်းအသစ်ဖောက်ပေးစေချင်တယ်။"ဟုပြောသည်။
အဆိုပါရေထွက်ပေါက်ပိတ်နေသည့် ရပ်ကွက်များရှိ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများက လမ်းပေါ်ရေလျှံနေခြင်းနှင့် နေအိမ်များအတွင်းရေများ ဝင်ရောက်နေခြင်းကို ဓာတ်ပုံမှတ်တမ်းများဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တင်ပြထားပြီးဖြစ်သည်ဟု ဆိုကြသည်။
အမရဋ္ဌာနီအရှေ့ရပ်ကွက်မှ ဆယ်အိမ်မှူး ဦးဝင်းကိုက "ကျွန်တော်လည်း အခုလို ဖြစ်နေတာ ဓါတ်ပုံရိုက်ပြီး အုပ်ချုပ်ရေးမှူးထံ တင်ပြထားပါတယ်။ ဆက်ပြီး အထက်ကို တင်ပြလားမပြလားတော့ ကျွန်တော်မသိပါဘူး။"ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက "ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာကို တင်ပြအကူအညီတောင်းခံပေးပါမယ်။"ဟုပြောသည်။
အဆိုပါမြောင်းရေလျှံနေသည့် ရပ်ကွက်အများစုသည် ရှေးယခင်က မိုးများမှသာ ရေလျှံတတ်ပြီး မိုးတိတ်သည်နှင့် ရေပြန်လည်ကျဆင်းသွားကြောင်းသိရသည်။ ထိုသို့ရေလျှံခြင်းမှာ ၂၀၁၇ ခုနှစ်မတ်လမှ စတင်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ရေစတင်လျှံစဉ်ကပင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ရပ်ကွက်သူ၊ ရပ်ကွက်သားများက တင်ပြခဲ့သော်လည်း ယနေ့တိုင် ဆောင်ရွက်ပေးခြင်းမရှိပေ။