မြောက်ကိုရီးယားအပေါ် ဖိအားပေးခြိမ်းခြောက်မှုများ ရပ်တန့်ကြရန် ပူတင်ပြောကြား

မြောက်ကိုရီးယားအပေါ် ဖိအားပေးခြိမ်းခြောက်မှုများ ရပ်တန့်ကြရန် ပူတင်ပြောကြား

 မေ ၁၆ ။           ။ ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများသည် အန္တရာယ်ရှိ  ကြောင်းပြောခဲ့သော်လည်း ပြုံယမ်းသည် ဖိအားပေးခြိမ်းခြောက် ခံရနေကြောင်းနှင့် ဒေသတွင်း တင်းမာမှုများ အပေါ် ငြိမ်းချမ်းစွာဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။

“ နျူကလီးယား လက်နက်အင်အားတွေ တိုးချဲ့လာမှုအပေါ် ကျနော်တို့ အငြင်းပွားဖွယ်မရှိဘဲ ဆန့်ကျင်ပါတယ်” ဟု ပူတင်က ဘေကျင်း၌ ကျင်းပသော နိုင်ငံတကာဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောခဲ့သည်။

“ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေဟာ အန္တရာယ်ရှိကာ ထိခိုက်နစ်နာစေပြီး ဖြစ်စေချင်တာနှင့် တခြားစီ သက်ရောက်မှုရှိတယ်လို့ ကျနော်တို့ယူဆပါတယ်” ဟု ပူတင်က ပြောခဲ့သည်။

သို့သော်လည်း သူက “ကျနော်တို့ မြောက်ကိုရီးယားနိုင်ငံအပေါ် ဖိအားပေးခြိမ်းခြောက်မှုတွေကို ရပ်တန့်ပစ်ရမှာ ဖြစ်ပြီး ဒီပြသနာကို ငြိမ်းချမ်းစွာ အဖြေရှာရမှာ ဖြစ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့တွင် မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ အကွာအဝေးအရှည်ဆုံး ရောက်ရှိနိုင်သော ပဲ့ထိန်းတပ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သောကြောင့် အောင်ပွဲခံခဲ့ကြပြီး ထိုဒုံးကျည်သည် နျူကလီးယား ထိပ်ဖူးကို တပ်ဆင်သယ်ဆောင်နိုင်စွမ်း ရှိကြောင်း ပြောခဲ့ကြသည်။

အဆိုပါ ဒုံးကျည်ကို ပုံမှန်မဟုတ်သော လမ်းကြောင်းအတိုင်း ပစ်လွှတ်ခဲ့ကာ ကီလိုမီတာ ၂,၁၁၁ ဒသမ ၅ အမြင့်ထိ ရောက်ရှိခဲ့ပြီး အကွာအဝေး ကီလိုမီတာ ၇၈၇ ထိ ပျံသန်းခဲ့ပြီးနောက် ဂျပန်ပင်လယ်ထဲ ထိုးကျသွားခဲ့ ကြောင်း KCNA သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းဒုံးကျည်သည် အမြင့်ဆုံးအကွာအဝေးအဖြစ် ၄၅၀၀ ကီလိုမီတာ (မိုင် ၂၈၀၀) ခန့်အထိ ပျံသန်းသွားနိုင် ကြောင်း ဆန်းစစ်လေ့လာသူများက ပြောခဲ့သည်။

အိမ်ဖြူတော်ကတော့ အဆိုပါဒုံးကျည်သည် ရုရှားနိုင်ငံပိုင်နက်နှင့် အလွန်နီးကပ်စွာ ရောက်ရှိခဲ့ကြောင်းနှင့် သမ္မတကြီးဒေါ်နယ်ထရမ့်ကတော့ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး ရုရှားတို့ကျေနပ်မယ်လို့ မထင်ကြောင်း တနင်္ဂနွေနေ့ က ပြောခဲ့သည်။

သို့သော်လည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ အဆိုပါဒုံးကျည်သည် ၎င်းတို့ပိုင်နက်နှင့် ကီလိုမီတာ ၅၀၀ အကွာတွင် ထိုးကျသွားခဲ့ကြောင်းနှင့် မည်သည့်ခြိမ်းခြောက်မှုမှ မရှိကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags