ယူအေအီးခေါင်းဆောင်အား အိမ်ဖြူတော်၌ ထရမ့် လက်ခံကြိုဆို

ယူအေအီးခေါင်းဆောင်အား အိမ်ဖြူတော်၌ ထရမ့် လက်ခံကြိုဆို

 ဝါရှင်တန် မေ ၁၆ ။                ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၏ ခေါင်းဆောင်အား အိမ်ဖြူတော်၌ တနင်္လာနေ့တွင် လက်ခံကြိုဆိုခဲ့သည်။

အဘူဒါဘီ၏ အိမ်ရှေ့စံမင်းသားဖြစ်သူ ရှိတ်ခ်မိုဟာမက် ဘင်ဇာယက်ဒ်နာယန် သည် အမေရိကန်သမ္မတ၏ ပါရှန်းပင်လယ်ကွေ့သို့ ပထမဦးဆုံး နိုင်ငံတကာခရီးစဉ်အဖြစ် သွားရောက်မလည်ပတ်မီ ရက်ပိုင်းအလို၌ ယခု လို လာရောက်လည်ပတ်ကာ စကားလက်ဆုံကျခဲ့ခြင်းဖြစ်သည်။

ရှိတ်ခ်မိုဟာမက်ကို အိမ်ဖြူတော်၌ လက်ခံကြိုဆိုရခြင်းသည် အလွန်ဂုဏ်ယူစရာကောင်းကြောင်းနှင့် သူသည် အလွန်ထူးခြားသူတစ်ဦးဖြစ်ပြီး လူလေးစားခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ သူ့နိုင်ငံနှင့် အမေရိကန်နိုင်ငံအပေါ် ချစ်မြတ်နိုးသူဖြစ်ကြောင်း ထရမ့်က ပြောခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်းလုံခြုံရေးကိစ္စများ၊ ကုန်သွယ်ရေး၊ နှစ်ဦးနှစ်ဖက် ရင်းနှီးမြှုပ်နှံမှုများ နှင့် မကြာသေးခင်ကမှ နှစ်နိုင်ငံကြား သဘောတူညီခဲ့သော ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တို့နှင့် ပက်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်မှ သတင်းပြန်ကြားရေး တာဝန်ခံ ရှောင်စပိုက်ဆာက ပြောခဲ့သည်။

ပြီးခဲ့သောတစ်ပတ်အကြာက ပင်တဂွန်စစ်ဌာနချုပ်မှ ယူအေအီးနိုင်ငံထံသို့ ပတ်ထရီရော့တ် ဒုံးကျည် ၁၆၀ စင်း ကို ခန့်မှန်းငွေ ဒေါ်လာ ၂ဘီလျံခန့်ဖြင့် ရောင်းချခဲ့ကြောင်း အတည်ပြုခဲ့ပြီး အာရပ်နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည် ကို အားဖြည့်ရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။

ယခုလို အိမ်ဖြူတော်၌ နှစ်နိုင်ငံခေါင်းဆောင်ကြား တွေ့ဆုံမှုကို ဒေါ်နယ်ထရမ့်၏ ပထမဦးဆုံးအကြိမ် နိုင်ငံတကာခရီးစဉ် မစတင်မီ လေးရက်အလို၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုခရီးစဉ်၌ အမေရိကန်တို့၏ အရင်းနှီး ဆုံး အာရပ်နှင့် မူစလင်မိတ်ဆွေကြီးဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကာ ဒေသတွင်းငြိမ်းချမ်းရေးအတွက် ရဲဝံ့သောခြေလှမ်းများကို ဖော်ဆောင်သွားနိုင်ရန် အကူအညီပေးမည်ဖြစ် ကြောင်း နိုင်ငံတော် လုံခြုံရေးအကြံပေး အိတ်ချ်အာမက်မာစတာ၏ အဆိုအရ သိရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly