ကွန်မြူနတီဒိုင်းပြိုင်ပွဲအတွက် ကော်စတာနှင့် ကာဟေးလ်တို့ ကြံ့ခိုင်မှု ပြည့်ဝနေမည်ဟု မော်ရင်ဟို အတည်ပြု

ကွန်မြူနတီဒိုင်းပြိုင်ပွဲအတွက် ကော်စတာနှင့် ကာဟေးလ်တို့ ကြံ့ခိုင်မှု ပြည့်ဝနေမည်ဟု မော်ရင်ဟို အတည်ပြု

သြဂုတ် ၁၊ လန်ဒန်။ ။ အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် တိုက်စစ်မှူး ဒီယေဂိုကော်စတာနှင့် နောက်ခံလူ ကာဟေးလ်တို့ ကြံ့ခိုင်မှုပြည့်ဝနေမည် ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက အတည်ပြုပြောဆိုလိုက်သည်။

ကော်စတာမှာ တံကောက်ကြောဒဏ်ရာရရှိထားပြီး ကာဟေးလ်မှာ နှာခေါင်းဒဏ်ရာရရှိထားကာ မူလက အာဆင်နယ်နှင့်ပွဲကို ပါဝင်ကစားရန်မသေချာဟု သတင်းများထွက်ခဲ့သော်လည်း ယခုမော်ရင်ဟိုက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဘာစီလိုနာအသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲစဉ်တွင် ထိုဒဏ်ရာများကို ရရှိခဲ့ခြင်းဖြစ်သည်။

'အားလုံး အခြေအနေကောင်းပါတယ်။ ကော်စတာအတွက် ဘာမှစိုးရိမ်စရာမရှိသလို ပြုစုကုသကာကွယ်နေဖို့လည်း မလိုတော့ ပါဘူး။ ကျွန်တော့်မှာ ထိပ်တန်းတိုက်စစ်မှူးသုံးဦးရှိပါတယ်။ ပြဿနာမရှိသလို စိုးရိမ်ပူပန်စရာလည်း မရှိပါဘူး' ဟု မော်ရင်ဟိုက ပြောသည်။

မော်ရင်ဟိုသည် အာစင်ဝင်းဂါးနှင့် ၁၃ ကြိမ် တွေ့ဆုံခဲ့ဖူးရာတွင် ၇ ကြိမ်နိုင်ခဲ့ပြီး ၆ ကြိမ် သရေကျကာ အရှုံးမရှိခဲ့ပေ။ ယခုပွဲစဉ်သည် ပြိုင်ပွဲဆိုသည်ထက် ချစ်ကြည်ရေးခြေစမ်းပွဲအသွင်ကို ပိုဆောင်ကြောင်း မော်ရင်ဟိုက ပြောသည်။

'အာဆင်နယ်နဲ့ ပွဲစဉ်က ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲတွေနဲ့ ကွဲပြားပါတယ်။ ခြေစမ်းပွဲထက်နည်းနည်းပိုသလို လိဂ်ပွဲလောက်လည်း မပြင်းထန်ပါဘူး။ မတူညီတဲ့ စိတ်ခံစားချက်မျိုးရှိတဲ့ ပွဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို အနိုင်ရဖို့အတွက်ဆိုပြီး ဘယ်တုန်းကမှ အထူးပြင်ဆင်တာမျိုး မလုပ်ခဲ့ပါဘူး။ သူတို့ကို နိုင်လို့ ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီးအောင်ပွဲခံတာမျိုးရှိမှာ မဟုတ်သလို ရှုံးလို့လည်း ပြဇာတ်ဆန်ဆန်လုပ်နေမှာ မဟုတ်ပါဘူး' ဟု မော်ရင်ဟိုက ပြောသည်။

အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းနှင့်ပတ်သက်၍မူ မော်ရင်ဟိုက မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့သော်လည်း ထွက်ခွာသွားသည့် ဖိလစ်ပီလူးဝစ္စနေရာတွင် နောက်ခံလူတစ်ဦးအစားထိုးဖွယ်ရှိသည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly