ခန္တီးမြို့နယ်က မှော်များအတွင်း တရားမဝင် ရေမဆေးကျောက်ရှာသူတွေ ဇွန် ၃၀ နောက်ဆုံးထား ထွက်ပေးရန် ညွှန်ကြား

ခန္တီးမြို့နယ်က မှော်များအတွင်း တရားမဝင် ရေမဆေးကျောက်ရှာသူတွေ ဇွန် ၃၀ နောက်ဆုံးထား ထွက်ပေးရန် ညွှန်ကြား
(ဓာတ်ပုံ-အောင်ကိုဦး)

ရန်ကုန်၊ မေ ၁၆ ။                 ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ရတနာမှော်များဖြစ်သည့် နန်စီပွန်မှော်နှင့်မကျန်ခမှော်အတွင်းတွင် တရားမဝင်လာရောက်နေထိုင်၍   ရေမဆေးကျောက် ရှာဖွေနေသူများကို မေလ ၁၆)ရက်မှစတင်၍ ဇွန်လ ၃၀ ရက် နောက်ဆုံးထား ထွက်ခွာပေးရမည်ဟု ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးလက်မှတ်ထိုးဖြင့် အကြောင်းကြားစာထုတ်ပြန်လိုက်သည်။

အဆိုပါအကြောင်းကြားစာထဲတွင် နန်စီပွန်နှင့်မကျန်ခမှော် လုပ်ကွက်များအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတစ်ချို့သည် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့် ကျောက်မျက်လုပ်ကွက်များအတွင်းသို့ အုပ်စုဖွဲ့၍ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခြင်း၊ ကုမ္ပဏီများမှစွန့်ပစ်ခြင်းမရှိသေးသည့် ကျောက်ကြောမြေစာပုံများတွင် လုယက်ရှာဖွေခြင်း၊ ပစ္စည်းများအား ဖျက်စီးခြင်း၊ ယူဆောင်ခြင်း၊ ထိုသို့ ပြုလုပ်စေရန် လူအများကို လှုံ့ဆော်ခြင်း၊ အားပေးခြင်းတို့ကြောင့် တရားဝင်လုပ်ကိုင်ဆောင်ရွက်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို ထိပါးနှောက်ယှက်ခံရခြင်း မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားပေါ်ပေါက်စေပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေနိုင်ကြောင်း စိစစ်တွေ့ရှိခြင်း တို့ကြောင့် ခန္တီးရတနာနယ်မြေအတွင်း နန်စီပွန်နှင့်မကျန်ခမှော် လုပ်ကွက်များတွင် တရားမဝင်နေထိုင်သူအားလုံးသည် ၂၀၁၇ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး   ပြောင်းရွှေ့ထွက်ခွာသွားကြရန် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၃ အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်ဟု ပါရှိသည်။

မေလ ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဝန်ကြီးများ နန်စီပွန်မှော်နှင့်မကျန်ခမှော်တို့အား သွားရောက်စစ်ဆေးပြီးနောက် ယခုလို တရားမဝင်နေထိုင်၍   ရေမဆေးကျောက်ရှာဖွေနေသူများကို ဖယ်ရှားပေးရန်စာထွက်လာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်က ထိုသို့ရှင်းလင်းဖယ်ရှားမှုများပြုလုပ်ရာတွင် သတ်မှတ်ရက်များအတွင်း ဖယ်ရှားမှုမပြုဘဲ ဆူပူမှုဖြစ်အောင် ဆောင်ရွက်သူများရှိလာပါ ဥပဒေအတိုင်းဆောင်ရွက်သွားမှာဖြစ်သလို လိုအပ်ပါက နယ်မြေခံ တပ်မတော်ကိုပါ အကူအညီတောင်း၍ ဆောင်ရွက်သွားမည်ဟု မေလ ၁၃ ရက်က ခန္တီးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားထားသည်။

"ဖယ်ရှားတာတော့ဟုတ်ပြီ။ အဲဒီလူတွေ နေရပ်ပြန်ဖို့ စဉ်းစားပေးရလိမ့်မယ်။ ဒီသောင်းချီတဲ့လူတွေက မှော်ကနေဖယ်ပြီး ခန္တီးမြို့မှာ လာတစ်နေပြီဆို ခန္တီးရဲ့တရားဥပဒေစိုးမိုးရေး ဘယ်သူတာဝန်ယူမှာလဲ။ ဒါတွေပါ ထည့်သွင်းစဉ်းစားသင့်တယ်။ မှော်မှာ လူမရှိပြီးရောဆိုတဲ့မူနဲ့ အခုလိုလုပ်တာဟာ ပြဿနာပိုကြီးထွားနိုင်ပါတယ်။"ဟု အမည်မဖော်လိုသည့် ခန္တီးမြို့ခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် နန်စီပွန်ကျေးရွာ၌ မေလ ၁၂ ရက်က ရေမဆေးကျောက်ရှာဖွေသူများနှင့်တွေ့ဆုံစဉ် "ပြည်သူ့မျက်နှာ၊ နိုင်ငံမျက်နှာကြည့်ပြီး ဆောင်ရွက်စရာရှိတာ ကျွန်တော်တို့ ဆောင်ရွက်သွားပါမယ်။"ဟု ပြောကြားထားသည်။

ခန္တီးရတနာမှော်များတွင် ရေမဆေးကျောက်လာရောက်ရှာဖွေသူများသည် ခန္တီးဒေသခံများအပြင် မြန်မာပြည်အနှံ့မှလာရောက်ရှာဖွေ လုပ်ကိုင်စားသောက်နေသူများရှိနေပြီး ယခုလို ရေမဆေးကျောက်ရှာဖွေသူများကို နှင်လိုက်မည်ဆိုပါက ဒေသခံရေမဆေးကျောက်ရှာဖွေစားသောက်သူများမှာ အလုပ်လက်မဲ့များဖြစ်ပေါ်ကာ စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်လာရမည်ဟု ဒေသခံ ရေမဆေးကျောက်ရှာဖွေသူများကဆိုသည်။

နန်စီပွန်တွင် ရေမဆေးကျောက်ရှာဖွေနေသည့် ဒေသခံ ကိုကျားဖြူက "ဥပဒေအတိုင်းဆောင်ရွက်တာကို လက်ခံပါတယ်။ ဒါပေမယ့် ဒေသခံတွေကို ရှာဖွေဖို့ တစ်နိုင်တစ်ပိုင်နေရာတွေ ပြန်ပြီးသတ်မှတ်ပေးရမယ်။ ဒီအတိုင်း အကုန်ရောပြီး နှင်တာဟာ ဒေသခံတွေနစ်နာပါတယ်။"ဟုပြောသည်။

ခန္တီးရတနာမြေတွေ တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသည့် မြောကျွန်းသူမမ ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းလင်းရွှေက "ဒီလို ဥပဒေအတိုင်းလုပ်တာကောင်းပါတယ်။ ကျွန်တော်တို့မှာလည်း ဆုံးရှုံးနစ်နာတွေဖြစ်နေတယ်။"ဟုပြောသည်။

ရေမဆေးကျောက်ရှာဖွေသူများအနေဖြင့် ဖယ်ရှားပေးရန်စာထွက်လာသည့်အပေါ် တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း ဆက်လက်လုပ်ခွင့်ရရှိရန် တွေ့ဆုံညှိနှိုင်းမှုများ အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု ခန္တီးရတနာမှော်အရေး ကူညီဆောင်ရွက်နေသူများကဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly