ရွေးကောက်ပွဲအသုံးစရိတ် မတင်သည့် အမတ်လောင်း ၂ဦးရှိ

ရွေးကောက်ပွဲအသုံးစရိတ် မတင်သည့် အမတ်လောင်း ၂ဦးရှိ

နေပြည်တော်(မေလ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၉၄ဦးအနက် ၂ဦးမှာ ရွေးကောက်ပွဲအသုံးစရိတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ သတ်မှတ်ရက်အတွင်း တင်ပြခဲ့ခြင်း မရှိပေ။

“သတ်မှတ်ရက်ထက် ကျော်သွားပါပြီ။ ဒါကြောင့် ဥပဒေနဲ့အညီပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။ အသုံးစရိတ်တွေကို စိစစ်ဖို့အတွက် ခုံဖွဲ့ပါတယ်။ အဲ့ဒီအဖွဲ့ကနေ စစ်သွားမှာပါ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ အမတ်လောင်း ဦးဇော်ထွန်းနှင့် မုံရွာမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသားတိုးတက်ရေးပါတီမှ ဦးညွှန့်လှိုင်တို့ နှစ်ဦးမှာ ရွေးကောက်ပွဲအသုံးစရိတ်တင်ပြရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးလုံးမှာ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် အမတ်လောင်းများ ဖြစ်သည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးသည် ရွေးကောက်တင်မြောက်ခံရသည် လွှတ်တော်ကိုယ်စားလှယ်၏ အမည် ကြေငြာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀အတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းပုံစံ (၂၀)ဖြင့် တင်သွင်းကြရန် သတ်မှတ်ထားသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာရွေးကောက်ပွဲ နည်းဥပဒေ ၈၄အရ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေငြာခြင်းခံရမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly