ဆီဗီလာကို အနိုင်ရသည့်ပွဲတွင် ဥရောပဂိုးသွင်းမှတ်တမ်းတစ်ခု စီရော်နယ်ဒို ရရှိ

ဆီဗီလာကို အနိုင်ရသည့်ပွဲတွင် ဥရောပဂိုးသွင်းမှတ်တမ်းတစ်ခု စီရော်နယ်ဒို ရရှိ

မေ ၁၅၊ မက်ဒရစ်။            ။ ဆီဗီလာကို အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းနိုင်ခဲ့သည့် ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် စီရော်နယ်ဒိုသည် ဥရောပထိပ်သီးလိဂ် ၅ ခု တွင် ဂိုးအများဆုံးသွင်းထားသည့် ဂျင်မီဂရိဗ်စ်၏ ဂိုးအရေအတွက်နှင့် တူညီသွားပြီဖြစ်သည်။

တနင်္ဂနွေနေ့တွင် ဆီဗီလာကိုအနိုင်ရသည့်ပွဲ၌ သွင်းယူနိုင်သည့် ပထမဂိုးမှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ၎င်း၏ ၄၀၀ ပြည့်ဂိုးဖြစ်ပြီး ဒုတိယနေရာမှ ဂတ်မူလာနှင့် စံချိန်တူသွားခဲ့သည်။ ဒုတိယဂိုးမှာ ဂျာမန်ဂန္ထဝင်ကစားသမားကိုကျော်ဖြတ်သွားပြီး ဂရိဗ်စ်နှင့် အရေအတွက်တူသွားခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒို၏နောက်ဂိုးမှာ ၃၆၇ ဂိုးမြောက်ဖြစ်လာမည်ဖြစ်ပြီး အင်္ဂလန်နှင့် အီတလီတွင် ၁၄ နှစ်ကြာ ကစားခဲ့သည့် ချယ်လ်ဆီး၊ အေစီမီလန်နှင့် စပါးကစားသမားဟောင်း ဂျင်မီဂရိဗ်စ်ထက် တစ်ဂိုးပိုသွားမည်ဖြစ်သည်။

စီရော်နယ်ဒိုသည် မန်ချက်စတာယူနိုက်တက်အသင်းနှင့်အတူ ပရီးမီးယားလိဂ် ၈၄ ဂိုး၊ ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ လာလီဂါဂိုး ၂၈၂ ဂိုးသွင်းထားသည်။

လက်ရှိဘောလုံးကစားနေဆဲကစားသမားများထဲမှ စီရော်နယ်ဒို၏နောက်တွင်အနီးကပ်ဆုံးအဖြစ် ဘာစီလိုနာကြယ်ပွင့် မက်ဆီ ရှိနေပြီး ၂၀၀၄ ခုနှစ် ပွဲထွက်ချိန်မှ လက်ရှိချိန်ထိ ဘာစီလိုနာအတွက် လာလီဂါဂိုး ၃၄၆ ဂိုးသွင်းထားသည်။

နောက်တစ်ဦးမှာ အီဘရာဟီမိုဗစ်ဖြစ်ပြီး ၂၆၈ ဂိုးသွင်းကာ အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ အင်္ဂလန်၊ စပိန်၊ အီတလီနှင့် ပြင်သစ်တွင်သွင်းယူခဲ့သည့် ၎င်း၏သွင်းဂိုးများမှာ ထိပ်သီးလိဂ်သုံးခုနှင့်အထက်တွင် ဂိုးသွင်းနိုင်သည့် အဆင့် ၂၀ အတွင်းဝင် တစ်ဦးတည်းသော ကစားသမားဖြစ်စေလျှက်ရှိသည်။

စီရော်နယ်ဒိုအနေဖြင့် ဗုဒ္ဓဟူးနေ့တွင် ဆယ်လ်တာဗီဂိုနှင့် အဝေးကွင်းပွဲစဉ်၌သာ ဂိုးသွင်းနိုင်ခဲ့ပါက ဥရောပထိပ်သီးလိဂ် ငါးခုမှ ဂိုးသွင်းအများဆုံးကစားသမားစာရင်းကို တစ်ဦးတည်း ဦးဆောင်နိုင်မည်   ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly