ကြံ့ခိုင်ရေးနှင့် နိုင်ငံရေးပါတီ၁၃ခု၏ ကန့်ကွက်မှုအပေါ် ဥပဒေနှင့်အညီ ဆုံးဖြတ်သွားမည်ဟု UEC ဆို

ကြံ့ခိုင်ရေးနှင့် နိုင်ငံရေးပါတီ၁၃ခု၏ ကန့်ကွက်မှုအပေါ် ဥပဒေနှင့်အညီ ဆုံးဖြတ်သွားမည်ဟု UEC ဆို

နေပြည်တော်(မေ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များသည် ဥပဒေပြဌာန်းချက်များကို ဖောက်ဖျက်ရာရောက်သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၁၃)ခုက ကန့်ကွက်စာ တင်ပြလာမှုအပေါ် ဥပဒေနှင့်အညီ ဆုံးဖြတ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

လက်ရှိအချိန်တွင်မူ အဆိုပါ ကန့်ကွက်စာအား ကော်မရှင်ဥက္ကဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များက စတင်လေ့လာနေပြီဟု ဦးတင်ထွန်းက မေလ ၁၅ရက်တွင် မဇ္ဈိမအပါအဝင် သတင်းမီဒီယာတချို့ကို ရှင်းပြသည်။

“အခုဟာက ဥက္ကဌနဲ့အဖွဲ့ဝင်တွေ လေ့လာနေဆဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာဆက်လုပ်မလဲဆိုတာက သူတို့ လေ့လာပြီးမှ ဥပဒေနဲ့အညီပဲ စဉ်းစားပြီးတော့ ဆုံးဖြတ်ကြရမှာပါ။ ဒါကြောင့်မို့လို့ ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ၏ နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ရာရောက်ခဲ့သည်ဟု နိုင်ငံရေးပါတီ (၁၃)ခုက ကော်မရှင်သို့ မေလ ၈ရက်က ပေးပို့ထားသော ကန့်ကွက်စာတွင် ဖော်ပြထားသည်။

အဆိုပါ ကန့်ကွက်မှုအပေါ် ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်(UEC)အနေဖြင့် မျှမျှတတ ဆုံးဖြတ်ဆောင်ရွက်ပေးရန် မျှော်လင့်သည်ဟုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က မေလ ၁၂ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

“UEC နဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ပါတီတွေနဲ့ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်တဲ့နေရာမှာ တတ်နိုင်သမျှ ဖြစ်စဉ်တွေအပေါ်မှာ အခြေခံပြီးတော့ တတ်နိုင်သမျှ မျှမျှတတနဲ့ ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။ အခု တင်ပြတဲ့အပေါ်မှာလည်း ဖြစ်စဉ်ကို မူတည်ပြီး မျှမျှတတ ဆောင်ရွက်ပေးမယ်လို့လည်း ယုံကြည်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

NLD ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကော်မရှင်သို့ တိုင်ကြားသည့် ကန့်ကွက်မှုအားလုံးမှာ ရှုံးနိမ့်ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းကမူ “ကော်မရှင်ကတော့ အခုအချိန်အထိ ဆောင်ရွက်နေသမျှကာလပတ်လုံးကတော့ ဥပဒေနဲ့အညီပဲ ဆောင်ရွက်ခဲ့ပါတယ်။ နောင်လည်း ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ မတ်လ ၃၀ရက် ညပိုင်းက ပြောကြားခဲ့သော မိန့်ခွန်းသည် “ကြားဖြတ်ရွေးကောက်ပွဲနှင့် အချိန်ကိုက်လျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက်များ ပါဝင်သော စည်းရုံးလှုံ့ဆော်ဟောပြောချက်မိန့်ခွန်း ဖြစ်နေကြောင်းသာ အထင်အရှား တွေ့ရှိရပါသည်” ဟု နိုင်ငံရေးပါတီ(၁၃)ခု၏ ကန့်ကွက်စာတွင် ပါရှိသည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို မတ်လ ၃၁ရက်တွင်လည်း ယင်းမိန့်ခွန်းအား နိုင်ငံပိုင်သတင်းစာများတွင် အပြည့်အစုံဖော်ပြခဲ့ခြင်းသည် “ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆောင်ခြင်း မပြုလုပ်ရ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည်ဟုလည်း ဆိုထားသည်။

အလားတူ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ကလည်း မတ်လ ၃၁ရက် ညပိုင်းတွင် MRTV မှ သဘောထားအမြင်တင်ပြချက်များကို ပြောကြားခဲ့ခြင်းနှင့် ၎င်းတို့၏ ပြောဆိုချက်များကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် ဧပြီလ ၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ခြင်းသည် “နိုင်ငံပိုင်မီဒီယာကို အသုံးချလျက် သွယ်ဝှိုက်သောနည်းဖြင့် မဲဆွယ်စည်းရုံးပေးရာ ရောက်ပါသည်” ဟု ကန့်ကွက်စာတွင် ဖော်ပြထားသည်။ ထို လုပ်ဆောင်ချက်များသည် “ပြိုင်ဘက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများထက် အခွင့်အရေး အသာစီးရယူပြီး မမျှမတ ဆောင်ရွက်သည့် လုပ်ရပ် ဖြစ်သည့်အပြင် ဥပဒေကို လက်တစ်လုံးခြား လှည့်ဖြား၍ ကျူးလွန်ရာလည်း ရောက်ပါသည်” ဟု နိုင်ငံရေးပါတီ(၁၃)ခုက ကန့်ကွက်စာတွင် ထည့်သွင်းရေးသားထားသည်။

လက်ရှိတွင် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာတင်ပြမှုပေါင်း ၅ခုထိ ရှိနေပြီ ဖြစ်သည်။ ယနေ့ မေလ ၁၅ရက်သည် ကန့်ကွက်စာ တင်ပြရမည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။

ရန်ကုန်တိုင်း ကော့မှူး၊ လှိုင်သာယာနှင့် ဒဂုံအရှေ့မြို့နယ်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရရှိသည့် NLD ကိုယ်စားလှယ်များကို သက်ဆိုင်ရာမြို့နယ်များရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများက အသီးသီး ကန့်ကွက်လွှာတင်ထားကြသလို ကျိုင်းတုံမြို့နယ်တွင် အနိုင်ရရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်ကိုလည်း NLD ပါတီမှ ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာ တင်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly