ခိုင်မာတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ထူထောင်ရေး အကူညီပေးရန် သီရိလင်္ကာကို ဒေါ်အောင်ဆန်းစုကြည် အကူညီတောင်း

ခိုင်မာတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ထူထောင်ရေး အကူညီပေးရန် သီရိလင်္ကာကို ဒေါ်အောင်ဆန်းစုကြည် အကူညီတောင်း

တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၁၄ ရက်က သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Ranil Wickremesinghe နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ခေါင်းဆောင်နှစ်ဦးဟာ တရုတ်အစိုးရ ဦးဆောင်ကျင်းပနေတဲ့ Belt and Road ထိပ်သီးအစည်းအဝေး ပြင်ပမှာ သီးခြားစီ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံရာမှာတော့ မြန်မာနဲ့ သီရိလင်္ကာတို့အကြား ရှိနှင့်ထားပြီးဖြစ်တဲ့ သမိုင်းတွင်မယ့် ဆက်ဆံမှုတွေအပေါ် အခြေခံပြီး အနာဂတ်ကာလ ဆက်ဆံရေးပိုင်းကို ပိုမိုခိုင်မာအောင် တိုးမြှင့်လုပ်ဆောင်သွားရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားရာမှာတော့ မိမိတို့နိုင်ငံရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ခိုင်မာတဲ့ ဒီမိုကရေစီအစိုးရ စနစ်တစ်ရပ် ထူထောင်နိုင်ဖို့ ဖြစ်ပါကြောင်းနဲ့ ဒီနေရာမှာ သီရိလင်္ကာဘက်ကလည်း အကူအညီနဲ့ ကျွမ်းကျင်မှုတွေ ထောက်ပံ့ပေးစေလိုကြောင်း ထည့်သွင်းပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

သီရိလင်္ကာဝန်ကြီးချုပ်ကလည်း ၎င်းတို့နိုင်ငံအနေဖြင့် မြန်မာရဲ့ ဒီမိုကရေစီအစိုးရအပေါ် အဆုံးစွန် ထောက်ပံ့ကူညီပေးဖို့ အဆင်သင့်ရှိနေပါကြောင်း၊ ယခုကိစ္စနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံဆီ ယင်းတို့ရဲ့ ပါလီမန်ကိုယ်စားလှယ်အဖွဲ့တစ်ခု အလည်အပတ်ခရီးစေလွှတ်ဖို့ စီစဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ Belt and Road ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly