ပိုးလမ်းမသစ်စီမံကိန်း အခက်အခဲတွေ့နိုင်ဟု ကမ္ဘာ့ဘဏ်နှင့် IMF အကြီးအကဲတို့ တရုတ်အား သတိပေး

ပိုးလမ်းမသစ်စီမံကိန်း အခက်အခဲတွေ့နိုင်ဟု ကမ္ဘာ့ဘဏ်နှင့် IMF အကြီးအကဲတို့ တရုတ်အား သတိပေး

ပေကျင်း၊ မေ ၁၅ ။                   ။ ပိုးလမ်းမသစ်ကြီးဟုလည်း ခေါ်တွင်သည့် Belt and Road ကုန်သွယ်ရေးကွန်ရက်စီမံကိန်းအတွက် တရုတ်နိုင်ငံက တွန်းအားပေးလုပ်ဆောင်နေရာတွင် ကမ္ဘာ့လုံးဆိုင်ရာရင်းနှီးမြုပ်နှံမှုအတွက် အခက်အခဲများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်းယွန်ကင်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF မန်နေးဂျင်းဒါရိုက်တာ ခရစ္စတင်းလာဂတ်တို့က တရုတ်နိုင်ငံအား သတိပေးသည်။

ပေကျင်းတွင် ကျင်းပသော Belt and Road ဖိုရမ်တွင် ၎င်းတို့နှစ်ဦးစလုံးအနေဖြင့် သမ္မတရှီကျင့်ဖျင်၏ ယခုဖော်ဆောင်သည့် စီမံကိန်းကြီးအား ထောက်ခံမှု ပြုသော်လည်း စိန်ခေါ်မှုများ ရင်ဆိုင်ရမည်ကို အလေးထားပြောဆိုခဲ့သည်။

အာရှ၊ ဥရောပ၊ အာဖရိကနှင့် လက်တင်အမေရိကတို့နှင့် ချိတ်ဆက်ရန် တရုတ်နိုင်ငံက ရည်မှန်းလုပ်ဆောင်နေသည့် ယင်းစီမံကိန်းကြီး အောင်မြင်ရေးမှာ ရင်းနှီးမြုပ်နှံမှုများက ကြီးကြီးမားမား လိုအပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌက ဆိုသည်။

အထောက်အပံ့များ ရရေးမှာ ရင်းနှီးမြုပ်နှံသည့် နိုင်ငံများ၏ ဖွံ့ဖြိုးမှု ဒီဂရီပေါ်တွင် မူတည်နေအပြင် ဆန်းသစ်သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများလည်း လိုအပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌက ပြောသည်။

“ကတိပေးထားတဲ့ အလုပ်ကို အကောင်အထည်ဖော်ရတာက လွယ်ကူတာတော့မဟုတ်ပါ။ ဒါပေမယ့် သေချာဖော်ဆောင်နိုင်ခဲ့ပြီဆိုရင် ကုံလုံများပြားစွာသော အကျိုးအမြတ်တွေ ရှိလာမည်ဆိုတာတော့ ကျိန်းသေပါပဲ။”ဟု IMF အကြီးအကဲက ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ပင်လယ်နက်ဆိပ်ကမ်းများ၊ လမ်းမကြီးများနှင့် ရထားလမ်းကွန်ရက်များ တည်ဆောက်ကာ ကမ္ဘာ့ကုန်သွယ်ရေးချိတ်ဆက်မြှင့်တင်မည့် ယခုစီမံကိန်းကြီးအား အကောင်အထည် ဖော်နိုင်ရေးအတွက်  အမေရိကန်ဒေါ်လာ ၁၂၄ ဘီလီယံ ရင်းနှီးမြုပ်နှံထားကြောင်း သမ္မတရှီကျင့်ဖျင်က ကတိကဝတ်ပြုပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags