ဖွဲ့စည်းပုံပြင်ဆင်ရန် တပ်မတော်က သဘောတူထားသည့်အချက်တွေကို ဦးစားပေးပြင်ဆင်သင့်ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ပြော

ဖွဲ့စည်းပုံပြင်ဆင်ရန် တပ်မတော်က သဘောတူထားသည့်အချက်တွေကို ဦးစားပေးပြင်ဆင်သင့်ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ပြော

ရန်ကုန်၊ မေ ၁၄ ။               ။ တပ်မတော်က မြန်မာ့နိုင်ငံရေးတွင် ချောမွေ့သည့် အသွင်ကူးပြောင်းရေးတစ်ခုအထိပါဝင်လိုသည့်အတွက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်ကို တပ်မတော်က သဘောတူထားသည့် အချက်များအား ဦးစားပေးပြင်ဆင်သင့်သည်ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားလိုက်သည်။

၎င်းက မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ယနေ့၊ မေလ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

"ချောမွေ့တဲ့အသွင်ကူးပြောင်းတစ်ခုအထိတော့ သူပါချင်သေးတယ်။ သူထိန်းထားတာနော်၊ ပြီးလို့ရှိရင် သူထွက်ကို ထွက်သွားရမှာ။ ကျွန်တော်တို့ တစ်သက်လုံးနေလို့မရဘူးဆိုတာ လူတိုင်း ကျွန်တော်တို့ အားလုံးသိတယ်။ ဦးစားပေးအနေနဲ့ တပ်မတော်က သဘောတူထားတဲ့အချက်တွေ စပြင်ပေါ့ဗျာ။ ယုံကြည်မှုတည်ဆောက်နိုင်ရင် နောက်ထပ်ခက်ခဲတဲ့အလုပ်ကိုလုပ်ပေါ့။ အခုဟာက မယုံကြည်သေးလို့ လက်တွဲပြီး ယုံကြည်မှုတစ်ခု တည်ဆောက်တဲ့အခါ လွယ်တာကနေ စပြင်ဖို့လိုတယ်။ ဦးစားပေးမှန်ဖို့ လိုတာကို ကျွန်တော်ထောက်ခံတယ်။" ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အရပ်ဖက်၊ ပါတီနှင့်တပ်မတော်အပြင် တိုင်းရင်းသားများ အားလုံး ညှိနှိုင်းအဖြေရှာနိုင်ရန် လိုအပ်ပြီး ပင်လုံညီလာခံကလည်း ခြေခံဥပဒေပြင်ဆင်ရေးအတွက် ပထမအဆင့်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြော သည်။

"အရပ်ဖက်ရယ်၊ ပါတီရယ် ပြီးတော့ တပ်မတော်ရယ် ညှိနှိုင်းပြီးတော့မှ ဘယ်လိုမျိုးပြင်ကြမလဲဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ နောက်တစ်ခု မဖြစ်မနေစဉ်းစားရမှာက အရပ်ဖက်၊ စစ်ဖက်တင်မကဘူး။ တိုင်းရင်း သားတွေလည်းပါတယ်။ ဒီဖွဲ့စည်းပုံက တိုင်းရင်းသားတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်ထင်ပါတယ်။ ပင်လုံညီလာခံလုပ်နေတယ်ဆိုတာလည်း ပထမအဆင့်၊ပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို နောက်တစ်ဆင့်သွားမယ့်သဘောရှိတယ်။ အဲဒီလိုသွားတဲ့အခါ တိုင်းရင်း သားတွေရဲ့အသံကို ရပြီဆိုရင် တပ်မတော်ရဲ့အခန်းကဏ္ဍကို အကောင်းဆုံးနည်းနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုပါမယ်။" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည်ဆိုသည့် အယူအဆကို လက်မခံနိုင်သလို ငြိမ်းချမ်း ရေးကိစ္စကသပ်သပ် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကသပ်သပ် သီးခြားစီတစ်ပြိုင်တည်း ဆောင်ရွက် သင့်သည်ဟု ၈၈မျိုးဆက်၊ ဦးကိုကိုကြီးက တုံပြန်သည်။

"စစ်တပ် ဘာကြောင့်နိုင်ငံရေးမှာပါသလဲဆိုရင် ပြည်တွင်းစစ်ကြောင့်ဆိုတဲ့အကြောင်းပြချက် ပါလာပြီ။ ဒီမှာတော့ ကျွန်တော်အငြင်းပွားစရာရှိတယ်။ ငြိမ်းချမ်းရေးကို ဦးစားပေး၊ နောက်မှ အခြေခံဥပဒေပြင်ဆင် နိုင်မယ်ဆိုတဲ့ အယူအဆကို ကျွန်တော်ကတော့ လက်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးက ဘယ်တော့ရမလဲ ကျွန်တော်မသိဘူး။ ငြိမ်းချမ်းရေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုပြီး ကိုယ့်ခြေထောက်ကိုယ် ကြိုးနဲ့ချည်နေလို့ မဖြစ်ဘူး။ ဖွဲ့စည်းပုံပြင်တာက သပ်သပ် လုပ်ကိုလုပ်နေရမယ်။ ငြိမ်းချမ်းရေးကတော့ မြန်လေကောင်းလေ ဖြစ်ချင်တယ်။ ဒါပေမယ့် နှစ် ၇၀ လောက်ကိစ္စကို တစ်ထိုင်တည်းပြီးဖို့ဆိုတာ သိပ်စိတ်ကူးယဉ်ဆန်လွန်းတယ်။" ဟု ၈၈မျိုးဆက်၊ ဦးကိုကိုကြီးက ပြောသည်။

ဦးကိုကိုကြီးက ပြောကြားမှုအပေါ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကို ကိုးကားကာ ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်

"လူလုပ်ခဲ့တဲ့အရာပဲ၊ လူတွေပဲ ပြင်ရမှာပဲ။ အစတည်းကလည်း တပ်မတော်က လိုတဲ့အချိန်ပေါ့ ငြိမ်းချမ်းရေးရမှဆိုတာ အခုနောက်ပိုင်းမှစကားပါ။ ဟိုတုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက (ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ) ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံး ယုံကြည်မှုတည်ဆောက်နိုင်ရန် ပြင်ကြပေါ့လို့ ပြောခဲ့တာ"ဟု ဦးရဲထွဋ်က ပြောသည်။

ယင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ နိုင်ငံရေးပါတီသစ်တစ်ခု ထူထောင်ရန် ကြိုးစားနေသည့် ၈၈မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးနှင့် လက်ရှိရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ပါဝင်ခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်များအပြင် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးနှင့် ရခိုင်ပြည်နယ်လူမျိုးရေးဆိုင်ရာကိစ္စများကိုလည်း အဓိကဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲအစည်းများနှင့် နိုင်ငံရေးစိတ်ပါဝင်စားသူများလည်း တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly