နီပေါ၌ နှစ်၂၀အတွင်း ပထမဦးဆုံးကျင်းပသော ဒေသတွင်းရွေးကောက်ပွဲ၌ အနှောင့်အယှက်များ ကြံုတွေ့

နီပေါ၌ နှစ်၂၀အတွင်း ပထမဦးဆုံးကျင်းပသော ဒေသတွင်းရွေးကောက်ပွဲ၌ အနှောင့်အယှက်များ ကြံုတွေ့

 မေ ၁၄ ။             ။ နီပေါနိုင်ငံ၌ ဆယ်စုနှစ် ၂စုအတွင်း ပထမဦးဆုံး ဒေသတွင်းရွေးကောက်ပွဲများအတွက် မဲပေးမှုများကို တနင်္ဂနွေ နေ့တွင် စတင်ပြုလုပ်လျက်ရှိသည်။

မဲပေးမှုများကို ခရိုင်သုံးခုအတွင်း၌ ဒေသစံတော်ချိန် မနက် ၇ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုယ်စားလှယ် လောင်း ၅၀၀၀၀ နီးပါးခန့်က မြို့တော်ဝန်၊ လက်ထောက်မြို့တော်ဝန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ဒေသတွင်း စည်ပင်သာယာရေးအဖွဲ့ ၂၈၃ဖွဲ့အတွင်း အဖွဲ့ဝင်ရာထူးများအတွက် ပါဝင်ယှဉ်ပြိုင်နေကြသည်။

နီပေါနိုင်ငံ၏ အကြီးဆုံးမဲဆန္ဒနယ်မြေဖြစ်သော မြို့တော်ကတ်သ်မန်ဒူ၌ဆိုလျှင် ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ် လောင်း ၈၇၈ ဦးကို ထည့်သွင်းဖော်ပြထားရသောကြောင့် ဆန္ဒမဲပေးလွှာကြီးမှာ ၃ ပေနီးပါးခန့် ရှည်လျားကြောင်း သိရသည်။

“ကျမတို့ရဲ့ နိုင်ငံရေးသမားတွေဆီက အများကြီးမျှော်လင့်နိုင်ဖို့ ခက်ခဲလှပါတယ်။ သူတို့တွေဟာ အမြဲတမ်း တကိုယ်ကောင်းဆန်ကြတယ်။ ပြည်သူတွေအတွက် အလုပ်မလုပ်ပေးချင်ကြဘူး။ ဒါပေမယ့် ဒီရွေးကောက်ပွဲက နေစတင်ပြီး အရာအားလုံးပြောင်းလဲမယ်လို့ ကျမမျှော်လင့်ပါတယ်” ဟု အိမ်ထောင်ရှင်မတစ်ဦးဖြစ်သူ ၄၁နှစ် အရွယ်ရှိ ရှိုဗာမဟာဂျန်က မဲထည့်စဉ်တွင်ပြောခဲ့သည်။

လက်ရှိကျင်းပနေသော ရွေးကောက်ပွဲအတွင်း အနှောင့်အယှက်များလည်း ကြုံတွေ့ခဲ့ရပြီး တနင်္ဂနွေနေ့ အစော ပိုင်းတွင် ကတ်သ်မာဒါမြို့မှ ၉မိုင်အကွာရှိ ဘက်ခ်တာပါမြို့ှ၌ အဓိကအတိုက်အခံပါတီ CPN-UML ပါတီမှ မြို့တော်ဝန်ရာထူးအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး၏ နေအိမ်အပြင်ဘက်တွင် ဗုံးတစ်လုံးကို တွေ့ရှိခဲ့ရသည်။

“တပ်ဖွဲ့ဝင်တွေဟာ ဗုံးကိုဖယ်ရှား ရှင်းလင်းလိုက်ပြီဖြစ်ပြီး ဒဏ်ရာရရှိသူ တစ်ဦးမှမရှိပါဘူး” ဟု နယ်ခံရဲအရာရှိ ရှာရမ်အိုလီယာက ပြောခဲ့သည်။

ဒါ့အပြင် အိန္ဒိယနှင့်ထိစပ်နေသော နိုင်ငံတောင်ပိုင်းရှိ မြေပြန့်ဒေသအတွင်း၌လည်း ဆူပူအုံကြွမှုများ ဖြစ်ပွားနေပြီး ထိုဒေသမှ လူနည်းစုဖြစ်သော မတ်ဒ်ဟီစီတိုင်းရင်းသားအုပ်စုများက အခြေခံဥပဒေကို ပြင်ဆင်မှု မပြုလုပ်မချင်း ရွေးကောက်ပွဲ၌ ပွဲဝင်ရန်ငြင်းဆိုထားသောကြောင့် မဲပေးမှုကို ၂ ကြိမ် ခွဲခြားထားရသည်။

ကျန်ရှိနေသော ခရိုင်လေးခုအတွင်း၌ ဒုတိယမြောက် မဲပေးမှုကို လာမည့် ဂျွန်လ ၁၄ ရက်နေ့တွင် ကျင်းပသွား ရန် စီစဉ်ထားသည်။

၂ ကြိမ်ကျင်းပမည့် ရွေးကောက်ပွဲအတွက် လုံခြုံရေးအင်အား ၂၃၁၀၀၀ ခန့်ကို တာဝန်ပေးအပ်ထားပြီး နောက်ထပ် အင်အားတိုးမြှင့်ရန်အတွက် ရဲအရာရှိ ၇၅၀၀၀ ခန့်ကို ယာယီ ငှားရမ်းထားကြောင်း ပြည်ထဲရေးဝန် ကြီးဌာနမှ ပြောခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly