ရာသီသစ်တွင် မန်ယူအသင်းဝတ်ဆင်မည့် adidas ဂျာစီအသစ်

ရာသီသစ်တွင် မန်ယူအသင်းဝတ်ဆင်မည့် adidas ဂျာစီအသစ်

သြဂုတ် ၁၊ မန်ချက်စတာ။ ။ ရာသီသစ်တွင် မန်ယူအသင်းဝတ်ဆင်မည့် adidas ဂျာစီအသစ်များကို မန်ယူအသင်းသားများက ဝတ်ဆင်ပြသခဲ့ကြသည်။ မန်ယူအသင်းသားများဖြစ်သော မာတာ၊ အက်ရှ်လေယန်း၊ ဒါလေဘလိုင်း၊ ဖေးလ်ဂျူံးစ်၊ ဟာရဲရား၊ ရှဝိန်းစတိုင်ဂါ၊ လုခ်ရှောနှင့် ဝီလ်ဆင်တို့က မော်ဒယ်များအဖြစ် ဓာတ်ပုံရိုက်ကာ ဝတ်ဆင်ပြသခဲ့သည်။

မန်ယူအသင်းနှင့် ဂျာမန်အားကစားပစ္စည်းကုမ္ပဏီ adidas တို့သည် ၂၀၂၅ ခုနှစ်အထိ ဆယ်နှစ်သက်တမ်းစာချုပ်တစ်ရပ် ချုပ်ဆိုထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၇၅ သန်းတန်ကြေးရှိသည်။ ထို့ကြောင့် မန်ယူအသင်းသည် ၁၀ နှစ်စာအတွက် ပေါင်သန်း ၇၅၀ ရရှိမည် ဖြစ်ပြီး ထိုပမာဏမှာ ကမ္ဘာ့ဘောလုံးလောကတွင် စံချိန်တင် ဖြစ်သည်။

မန်ယူအသင်းပြီးနောက်တွင် ဂျာစီစပွန်ဆာငွေကြေးအများဆုံး ရရှိနေသည့်အသင်းမှာ ဘိုင်ယန်မြူးနစ်ဖြစ်ပြီး adidas နှင့် တစ်နှစ်လျှင် ပေါင် ၆၄ ဒသမ ၅ သန်းဖြင့် ၁၀ နှစ်စာချုပ်ထားခြင်းဖြစ်သည်။ ဘိုင်ယန်၏နောက်တွင် ချယ်လ်ဆီးက adidas နှင့်ပင် တစ်နှစ်ပေါင်သန်း ၃၀ ဖြင့် ၁၀ နှစ်စာချုပ်ထားသည်။ ချယ်လ်ဆီးနောက်တွင်မှု လီဗာပူးလ်က New Balance နှင့် တစ်နှစ် ပေါင်သန်း ၅၀ တန်ကြေးဖြင့် ခြောက်နှစ်စာချုပ်ထားသည်။

မန်ယူအသင်းသည် adidas အားကစားဂျာစီများကို ၁၉၈၀ မှ ၁၉၉၂ ခုနှစ်အထိ ၁၂ ကြာ ဝတ်ဆင်ခဲ့ဖူးပြီး ယခုအကြိမ်မှာ ဒုတိယမြောက်ဖြစ်သည်။ ထို့နောက်တွင် Umbro ကို ဆယ်နှစ်ဝတ်ဆင်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှစတင်ကာ Nike ကို ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

မနယူအသင်း၏ အင်္ကျီအသစ်တန်ဖိုးမှာ ပေါင် ၆၀ ဖြစ်ပြီး ကလေးဝတ်မှာ ပေါင် ၅၀၊ အမျိုးသမီးဝတ်မှာ ၅၅ ပေါင်ဖြစ်သည်။ ဘောင်းဘီမှာ ၂၅ ပေါင်ဖြစ်ပြီး ခြေအိတ်မှာ ၁၂ ပေါင် ဖြစ်သည်။ အိမ်ကွင်းဝတ်စုံ အင်္ကျီ၊ ဘောင်းဘီနှင့် ခြေအိတ်အပြည့်အစုံဆိုလျှင် ၉၇ ပေါင် ကျသင့်မည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly