မွန်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မွန်စီးပွားရေးလုပ်ငန်းရှင်များ ကူညီဆောင်ရွက်မည်

မွန်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မွန်စီးပွားရေးလုပ်ငန်းရှင်များ ကူညီဆောင်ရွက်မည်
(ဓာတ်ပုံ-UMFCCI)

မွန်ပြည်နယ်၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝတည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်သွားရန် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက မေလ ၁၃ရက်တွင် မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၌ ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ “B4P” အခမ်းအနားတွင် ကတိပြုလက်မှတ်ရေးထိုးခဲ့သည်ဟု ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကိုယ်စား မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက United Nations Global Compact Network Myanmar နှင့် ပူးပေါင်းကာ ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်တို့ သက်သေပါဝင်ကာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

စာချွန်လွှာအရ စီးပွားရေးလုပ်ငန်းများအနေဖြင့် တာဝန်သိသော၊ တာဝန်ကျေသော လုပ်ငန်းများအဖြစ် ရပ်တည်သွားခြင်းဖြင့် ဒေသတွင်း လူမှုစီးပွားဘဝငြိမ်းချမ်းရေးကို လုပ်ဆောင်သွားကြရမည်ဖြစ်သည်။

တာဝန်ကျေသော လုပ်ငန်းများဆိုသည်မှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သော၊ ဝန်ထမ်းရေးရာ ဥပဒေများအား လေးစားလိုက်နာသော၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သော၊ အကျင့်ပျက်ချစားမှုကို အားမပေး ရှောင်ကျဉ်သော လုပ်ငန်းများဖြစ်သည်ဟု United Nations Global Compact Network Myanmar (UNGC Network Myanmar) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က ရှင်းပြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စီးပွားရေးလုပ်ငန်းတွေဟာ Profit ဆိုတဲ့ အကျိုးအမြတ်အတွက် အလုပ်လုပ်ရသလို၊ Planet သဘာဝပတ်ဝန်းကျင်နဲ့၊ People လူထုအတွက် အကျိုးဖြစ်စေတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်း တာဝန်ရှိတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်နယ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စီးပွားရေးဖွံ့ဖြိုး တိုးတက်စေမှုနှင့် တွဲလျက်လုပ်ဆောင်သွားမည်ဟု ကတိပြုလိုက်သည်။

ပြည်နယ်အတွင်း လူမှုဘဝတည်ငြိမ်ရေးနှင့် မညီမျှမှုလျှော့ချရေးအတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ကုန်စည် ဝန်ဆောင်မှု ဈေးကွက် တည်ငြိမ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းသည်။

ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော်က မွန်ပြည်နယ်ရှိဒေသများတွင် ငြိမ်းချမ်းရေးရရှိပြီးသည့်နောက်ပိုင်း လမ်းပမ်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်လာကြောင်းပြောသည်။ မွန်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ငန်းရှင်များ ဆောင်ရွက်နိုင်ပါက အခြား ငြိမ်းချမ်းမှု မရရှိသေးသည့် ဒေသများအတွက် အားကျအတုယူစရာ ဖြစ်စေပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးသို့ ဦးတည်သွားနိုင်သည်ဟု ဦးမိုးကျော်က ပြောသည်။

“ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးအတွက် နိုင်ငံအနှံ့အပြား ဒေသတွေ တပြေးညီဖွံ့ဖြိုးတိုးတက်မှုဟာ အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောသည်။

ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ “Business for Peace – B4P” ကို ကုန်သည်စက်မှုအသင်းချုပ်က ရန်ကုန်မြို့၌ ဧပြီလ ၄ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး၊ မေ ၁၄ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့၌ ကရင်လုပ်ငန်းရှင်များအား အသိပေးဖိတ်ခေါ်မည်ဖြစ်ပါသည်။

“ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများရဲ့ အခန်းကဏ္ဍဟာ ပဋိပက္ခနဲ့ နီးစပ်နေတဲ့ ဒေသတွေ၊ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာ ပိုလို့တောင် အရေးပါ ပါတယ်’’ ဟု ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုသည့် စာချွန်လွှာကို မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ် ဦးဝင်းရှိန်နှင့် United Nations Global Compact Network Myanmar ၏ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းသက်တို့က မော်လမြိုင်မြို့ရှိ ရွိုင်ရယ်ဟင်္သာဟိုတယ်တွင် ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly