မဘသ မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်တွင် ပါ၀င်ခြင်းမရှိဟု သတင်းစာရှင်းလင်းပွဲလုပ်မည်

မဘသ မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်တွင် ပါ၀င်ခြင်းမရှိဟု သတင်းစာရှင်းလင်းပွဲလုပ်မည်

ရန်ကုန်၊ မေလ ၁၃ ။            ။ သာကေတနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်များတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များနှင့် ပတ်သက်၍ မဘသမှ တစုံတရာ ပါဝင်ပတ်သက်မှုမရှိကြောင်း တုံ့ပြန်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သိရသည်။

မေလ ၉ ရက်က ဖြစ်ပွားခဲ့သော မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်အတွက် လာမည့်မေလ ၁၆ ရက်နေ့တွင် အင်းစိန်ရွာမရှိ မဘသ (ဗဟို)တွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်သွားမည်ဟု  မဇ္ဈိမသို့ အတည်ပြုပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မင်္ဂလာတောင်ညွန့် မြို့နယ်၊ မြယာကုန်းလမ်းအနီး ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုတွင် မဘသမှ ပါဝင်သည်ဟု သတင်းဌာနတစ်ခုသို့ ပြောဆိုခဲ့ခြင်းအပေါ် မဘသ(ဗဟို)က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

မဘသ ပါဝင်သည်ဟူသော သုံးနှုန်းမှုအပေါ် အံံ့သြမိသည်ဟု ဒေါက်တာ အရှင်တေဇနိယ (မဘသဗဟို)က မိန့်ကြားသည်။

"မနက်လင်းခါမှ ဒီသတင်းကို တွေ့လိုက်တော့ ပြောတဲ့ပုဂ္ဂိုလ်ကလည်း သာမန်အရပ်သူ၊ အရပ်သား မဟုတ်ဘူး။ တိုင်းပြည်ရဲ့ ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ဒီစကားကို မဘသပါတယ်ဆို တဲ့စကားကို အင်မတန်သတိထားရမယ့်စကားကြီးကို၊ အင်မတန်အန္တရာယ်ကြီးတဲ့စကားကို လက်လွတ် စပယ်သုံးတဲ့အတွက် အံသြသွားတယ်။ စိတ်လည်း မကောင်းဖြစ်ရတယ် " ဟု ဒေါက်တာအရှင်တေဇနိယ (မဘသဗဟို)က မိန့်ကြားသည်။

အဆိုပါ ကိစ္စရပ်များအပေါ် မဘသမှ ပါဝင်မှုရှိနေသည်ဟု အများပြည်သူများအကြား သတင်းများ ထွက်ပေါ်နေသော်လည်း မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်တွင် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂမှ ပါဝင်ပတ်သက်မှုရှိကြောင်း တွေ့ရှိရပြီး ၎င်းတို့က ယင်းအပေါ် မေလ ၁၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မဘသနှင့် အမျိုးသားရေးရောထွေးနေမှုကြောင့် ပြောဆိုခဲ့ကြောင်း ဆိုသည်။

"အားလုံးက မဘသ၊ အမျိုးသားရေး ဘာညာ ရောနေကြတာ။ အားလုံးရဲ့ ပြည်သူတွေရဲ့အမြင်မှာ ရောထွေးနေ တာ ဖြစ်လို့ ။ အဲဒီလို ပြောဖြစ်ခဲ့တာပါ။ တစ်ကယ်တော့ ဒီကိုလာပြီးလုပ်သွားတာက အမျိုးသားရေးအဖွဲ့ဆိုပြီး တော့ နောက်မှ ပေါ်လာတာ။ အရင်တုန်းက အဖွဲ့တွေဆိုရင် မဘသပြောလိုက်၊အမျိုးသားရေးပြောလိုက် အဲဒီလို ပုံမှန် ပြောနေတာ။ နောက်ပိုင်းမှ ဒီမြို့နယ်ကို လာလုပ်သွားတာ အမျိုးသားရေးအဖွဲ့ဆိုတာ သိရတာ" ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

အဆိုပါ သတင်းဌာနတွင် မဘသဟု တိုက်ရိုက်ဖော်ပြခဲ့ခြင်း မဟုတ်ဘဲ မဘသပါသည်ဟု ဒေါ်ဖြူဖြူသင်း ပြောသည့် အသံဖိုင်ကိုသာ တင်ဆက်ခဲ့ခြင်းဖြစ်သည်။

"မဘသရဲ့မူဝါဒကိုက အကြမ်းဖက်မှု ပဋိပက္ခဖြစ်မှုတွေကို မလိုလားပါဘူး။အခုဖြစ်နေတာတွေကလည်း တရား ဥပဒေစိုးမိုးမှုနည်းလို့ဖြစ်တာလို့ ပြောလို့ရတယ်။ဒါတွေက မဘသလုပ်ရမှာလည်း မဟုတ်ဘူး။ မျိုးချစ် လုပ်ရမှာ လည်း မဟုတ်ဘူး။တိုင်းပြည်အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေပဲ ဒါတွေလုပ်ရမှာလေ။အဲဒီတော့ ခိုးဝင်တဲ့ပုဂ္ဂိုလ်ရှိရင် သူတို့ ကိုလည်း အရေးယူ။ ဆူပူတဲ့ပုဂ္ဂိုလ်ရှိရင်လည်း အရေးယူရမှာပဲ။ မဘသရဲ့မူဝါဒကိုက အကြမ်းဖက်မှုကို လုံး၀ မလိုလားဘူး။ အရင်တုန်းကလည်း နှစ်ပါင်းအကြာကြီး ဘာသာပေါင်းစုံနေလာခဲ့တာပဲ။ ဘာမှ မဖြစ်ခဲ့ဘူး။ ရန်ကုန်မြို့ကြီးက အေးချမ်းခဲ့ပါတယ်။လတ်တလောဖြစ်နေတာတွေကတော့ လတ်တလောမကြာခင် သုံးလေးနှစ်အတွင်း ဖြစ်လာတဲ့ပေါ်လစီကြောင့်လို့ ဦးဇင်းထင်ပါတယ်" ဟု  ဒေါက်တာအရှင်ဥတ္တမသီရိ (မဘသဗဟို)က မိန့်ကြားသည်။

မြန်မာသတင်းမီဒီယာကောင်စီက သတင်းစာဆရာဦးဇေယျာလှိုင်က သတင်း အရင်းအမြစ်များ၏ အငြင်းပွားဖွယ်ပြောစကားတွေကိုဖေါ်ပြလျှင် သေချာအောင် ထပ်မံစုံစမ်းသင့်သည်ဟု ဆိုသည်။

"သတင်းရင်းမြစ်တွေကတော့ပြောမှာပဲ ။ သူတို့ သိတာကို မှန်တာလည်းရှိမယ်။ မှားတာလည်း ရှိမယ်။ ဒါမှ မဟုတ် အမှတ်မှားပြီး အလွဲပြောတာလည်း ရှိမယ်။ သတင်းစာဆရာရဲ့အလုပ်ကတော့   ပြန်လည်စစ်ဆေး ပေးရတာပေါ့။ဒါတွေ ပါလားမပါလားဆိုတာကို သူစွပ်စွဲပြောဆိုတဲ့ပုဂ္ဂိုလ်တွေကိုလည်း ချိတ်ဆက် မေးမြန်းလို့ရတယ်။ နောက်ပြီး သူ့ရဲ့လှုပ်ရှားမှုတွေကိုအချက်အလက်နဲ့ သက်သေပြလို့ ရတာပေါ့နော်။ မဘသရဲ့လှုပ်ရှားမှုတွေမှာ သူတို့ပါဝင်ပတ်သက်ခဲ့ဖူးတာရှိလားဆိုတာ ကိုယ်က မေးမြန်း ခြင်းအားဖြင့် ကိုယ့်ရဲ့အချက်အလက်ကို ခိုင်မာအောင်တည့်မတ်ပေးလို့ ရတယ်လေ" ဟု သတင်းစာ ဆရာဦးဇေယျာလှိုင်က ပြောသည်။

မေလ ၉ ရက်က မင်္ဂလာတောင်ညွှန့်၊ မြယာကုန်းလမ်း ၁၂၂ လမ်း နှင့် ၁၂၃ လမ်း တိုက်တစ်တိုက်ရှိ ငါးလွှာနှင့် ရှစ်လွှာအခန်းတို့ကို သွားရောက်စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့အတွင်းရေးမှူး ဆရာတော်ဦးသုစိတ္တ၊ ဦးပညာဝံသနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုလတ် (ခ)တင်ထွဋ်ဇော်နှင့် ဇနီး မအောင်အောင်မြင့်၊ တင်လင်းထိုက်၊ တင်ဌေးအောင်၊ မြတ်ဘုန်းမိုရ်တို့ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်ဦးက တရားလိုပြု၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly