လူပုဂ္ဂိုလ်များက ငြမ်းဖြစ်ပြီးတော့ အင်စတီကျူးရှင်းများက ထီးဖြစ်သင့်တယ်

လူပုဂ္ဂိုလ်များက ငြမ်းဖြစ်ပြီးတော့ အင်စတီကျူးရှင်းများက ထီးဖြစ်သင့်တယ်
 

ဦးမင်းဇင် အမှုဆောင်ဒါရိုက်တာ( မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာလေ့လာရေးအင်စတီကျူ)နှင့် တွေဆုံပြီး မြန်မာ့ငြိမ်းချမ်းရေးအကြောင်း တွေ့ဆုံမေးမြန်းထားပါသည်။

မေး - အစိုးရသစ်လက်ထက်မှာ နယ်ပယ်စုံကဘောင်တွေကျဉ်းကုန်တယ် စီးပွားရေးလုပ်ငန်းမှာလည်း Space တွေကျဉ်းလာတယ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာလည်း Space တွေကျဉ်းလာတယ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေအတွက်ပါ Space တွေကျဉ်းလာတယ် ကျဉ်းလာတဲ့အနေအထားအရ တစ်နှစ်ကျော်တဲ့အချိန်မှာ သိသာတဲ့အနေအထားကို ရောက်လာပြီခင်ဗျ ။ အဲ့ဟာက မဖြေရှင်းပဲထားရင် ဘယ်လောက်ထိစိုးရိမ်ရမယ်လို့ ထင်လဲခင်ဗျ

ဖြေ - နံပါတ်တစ်ကတော့ Space တွေကျဉ်းလားတဲ့ အနေအထားပေါ့လေ။ ဒီထက်ပိုပြီး ဒေတာများနဲ့ ကြည့်ရမယ်ခင်ဗျ ။ ခန့်မှန်းခြေပေါ့။ မှန်းပြီးကြည့်မယ်ဆိုလည်း ခုနပြောတဲ့ဟာ တွေ့ရမယ် ။ နေရာတော်တော်များများမှာ လုပ်ခင်းလုပ်ကွက်တွေ ကျဉ်းလာတာ တွေ့ရတယ်။ ဒါက အဓိကပြဿနာကတော့ တာဝန်ခံမှု တာဝန်ယူမှုလို့ပဲ ကျွန်တော်တို့နိုင်ငံရေးသိပ္ပံက သုံးသပ်တာပေါ့ ။ တာဝန်ခံမှုတာဝန်ယူမှုလို့ ပြောတဲ့အခါမှာ ကျွန်တော်တို့က ဒေါင်လိုက်တာဝန်ယူမှု တာဝန်ခံမှုရှိတယ်ပေါ့နော် ။ လူထုကနေ အစိုးရများကို တာဝန်ခံခိုင်းတာမျိုးပေါ့နော် ။ သဘောက အစိုးရတွေကို ခင်ဗျားဘာလုပ်နေလဲလို့ မေးခွန်းထုတ်တာမျိုး ။ ဘာကြောင့်ဒါလုပ်တာလဲလို့ အကြောင်းပြချက်ကိုဖြေရှင်းခိုင်းတာမျိုး ။ ခင်ဗျားမဟုတ်တာလုပ်ရင်တောင်မှ အရေးယူခံရမယ်ဆိုတာမျိုး ပြည်သူလူထုကနေ အစိုးရကို မေးတာမျိုး။ အဲ့တာမေးတာလည်း မီဒိယာကတစ်ဆင့် မေးရတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကတစ်ဆင့် မေးရတယ်။ နိုင်ငံရေးပါတီတွေကတစ်ဆင့် မေးရတယ် ။သုတေသနသမား THINK TANK တွေကတစ်ဆင့် မေးရတယ် ။ ဒါက ဒေါင်လိုက်တာဝန်ယူမှု ။ တာဝန်ခံမှုက သိပ်အရေးကြီးတယ်လို့ ပြောကြတယ် ။တစ်ခါ အလျားလိုက် တာဝန်ခံမှု တာဝန်ယူမှုဆိုတာ အုပ်ချုပ်ရေးအဖွဲ့ကို လွှတ်တော်က ပြန်ထိန်းကျောင်းရတယ် ။တစ်ခါ လွှတ်တော်တွေ အုပ်ချုပ်ရေးအဖွဲ့တွေကို အခြေခံဥပဒေခုံရုံးက ပြန်ထိန်းကျောင်းရတယ် ။ တစ်ခါ အဲဒါတွေအကုန်လုံးကို လူ့အခွင့်အရေးအဖွဲ့တို့ ၊ လူ့အခွင့်အရေးကော်မရှင်တို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့က ပြန်ထိန်းကျောင်းရတယ်။ သူနဲ့အပြိုင်ရှိနေတဲ့ အင်စတီကျူးရှင်းတွေကို လွတ်လပ်အောင် လုပ်ပေးရမယ် ။ ဒီ အစိုးရလက်ထက်မှာလည်း အဲ့နေရာတွေမှာ အားနည်းလာတာ တွေ့ရတယ်။ အခြေခံဥပဒေခံရုံးကို တပ်မတော်ကဦးတိုက်ပြီးတော့ ဖြေရှင်းဖို့တောင်းတယ်။ အဲဒီက ဆုံးဖြတ်ချက်က မကျသေးဘူး။ ပြည်ထောင်စုလွှတ်တော်မှာ ပယ်ချလိုက်တယ်ဆိုတာမျိုး။ ကျွန်တော်ဒီမှာ တပ်မတော်မှန်တယ်၊ မှားတယ်ကိုပြောနေတာ မဟုတ်ဘူး။ ပြောချင်တာက ဘာလဲဆိုတော့ အပြိုင်ရှိသင့်တဲ့ အင်စတီကျူးရှင်းတွေ အားကောင်းမှသာလျှင် တစ်စုံလုံးတိုးတက်လာမယ်။ အခုကြည့်ရတာက အားလုံးလည်းသိတဲ့အတိုင်း လွှတ်တော်တွေဆိုလို့ရှိရင် အားမရကြတော့ဘူး ။ကျန်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီတို့ လူ့အခွင့်အရေးကော်မရှင်တို့ဆိုလည်း ဘာမှတောင် သိပ်မကြားရတော့ဘူး ။အဲ့ပြဿနာတွေပေါ့ ။ဆိုတော့ ဒါတွေကိုလည်းသေချာရှင်းသင့်တယ် ။ အခု ရန်ကုန်တိုင်းလွှတ်တော်ကတော့ တော်တော်လေးကို ပြောတဲ့အကြောင်းအရာကို သဘောတူခြင်းမတူခြင်းကို ခဏထားပေါ့နော် ။ တော်တော်လေးပြောလာတယ် ။လုပ်သင့်လုပ်ထိုက်တာ လုပ်လာတယ်။ ကျွန်တော်တို့ သဘောတူခြင်းမတူခြင်းက တစ်ပိုင်းပေါ့နော် နောက်တစ်ခုက ကျွန်တော်တို့ပြောတဲ့ External Accountivities လို့ခေါ်တဲ့ ပြင်ပကလာတဲ့ တာဝန်ယူခိုင်းတာပေါ့။ ဘာလဲဆိုတော့ နိုင်ငံတကာတန်ဖိုးထားမှုတွေ နိုင်ငံတကာနူန်းစံတွေကို အစိုးရတွေက လိုက်နာရတယ် ။တာဝန်ခံမှုတမျိုးပဲ ။ဒီအစိုးရလက်ထက်မှာလည်း EIti လို့ခေါ်တဲ့ သဘာဝ သယံဇာတ အရင်အမြစ်နဲ့ ပတ်သတ်တဲ့ ကိစ္စတွေဆိုရင်လည်း သိပ်အသံမကြားတော့ပြန်ဘူး။ နိုင်ငံတကာမှာ ပြောလာတဲ့ လူ့အခွင့်အရေးတို့ ဘာတို့ဆိုရင်လည်း ဒါတွေက လစ်ဘရယ်တွေရဲ့အယူအဆ အလကားပဲဆိုတာကိုလည်း အစိုးရမင်းများနဲ့ အာဏာရှိသူများက မသိချင်ယောင်ဆောင်နေကြတယ် ။ဆိုတော့ ဆိုလိုတာကဘာလဲဆိုတော့ တာဝန်ယူမှုတာဝန်ခံမှုရဲ့ ဒေါင်လိုက်အရရော၊  အလျားလိုက်အရရော၊  ပြင်ပအရရော အဲ့သုံးခုစလုံးမှာတော့ တိုင်းထွာလို့ရလောက်အောင် အားနည်းလာတာ တွေ့ရတယ် ။ အဲ့ဟာတွေကို အားကောင်းအောင်လုပ်ခြင်းအားဖြင့် အစိုးရအတွက်လည်း ပိုကောင်းတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက်လည်း ပိုကောင်းတယ် ။ တပ်မတော်အတွက်လည်း ကောင်းတယ်လို့ထင်တယ် အခုဆို တပ်မတော်က အခြေခံဥပဒေခုံရုံးက အသက်မဝင်တော့တဲ့အခါ သူ့မှာဘာပြောလဲဆိုတော့ ဒီမိုကရေစီအနိုင်ကျင့်တယ်လို့ ပြောနေရတယ်။ လူတွေက ရယ်ကြတယ် ။ ဒါပေမဲ့လည်း ဒါက လေးနက်တဲ့ပြဿနာ ဖြစ်တယ်။ သူသည် သူချထားတဲ့ ဂိမ်းထဲမှာရှိတဲ့ အင်စတီကျူးရှင်းတွေဟာ သူ့အတွက်အထောက်အကူမဖြစ်တော့ဘူးလို့ ထင်လာတဲ့အခါဆိုရင် သူဂိမ်းအပြင်ကနည်းကို စဉ်းစားလာနိုင်တယ် ။ ဒါဆို တိုင်းပြည်အတွက် အန္တရာယ်ရှိလာနိုင်တယ်။

 မေး - ဟုတ်ကဲ့ အခုဦးမင်းဇင်ပြောသွားတာပေါ့နော်။ အားကောင်းသင့်တဲ့ အင်စတီကျူးရှင်းတွေ အားမကောင်းဘူးပေါ့နော်။ အဲ့တာက ကျွန်တော်သိချင်တာက အားကောင်းသင့်တဲ့ အင်စတီကျူးရှင်းတွေ အားမကောင်းတာက ကျွန်တော်တို့ဒီ အစိုးရသစ်ပေါ့နော် ။အစိုးသစ်အာဏာရလာတဲ့ အနေအထားမှာ အင်စတီကျူးရှင်းတွေထက် လူပုဂ္ဂိုလ်ကိုအခြေခံတဲ့ အားသားချက် အဲဒီအားသာချက်က ဒီဘက်မှာ အားနည်းချက် ပြန်ဖြစ်သွားတာ ဖြစ်နိုင်လားခင်ဗျာ။

ဖြေ - ဒီလိုပေါ့လေ ။အင်စတီကျူးရှင်းအားမကောင်းတဲ့ အဖွဲ့အစည်းမှာတော့ လူပုဂ္ဂိုလ်ကို အားပြုတာ သဘာဝကျပါတယ်။ ဒါပေမယ့် အဲဒါဟာ ကာလတစ်ခုအထိပဲ ဖြစ်သင့်တယ်။ အဲ့လူပုဂ္ဂိုလ်များကိုယ်တိုင်ကလည်း သူတို့ကိုယ်သူတို့ အားပြုပြီးတော့ သူတို့ကိုယ်သူတို့ ဖောင်လိုမျိုး ယာဉ်လိုမျိုးသဘောထားပြီးတော့ အင်စတီကျူရှင်းတွေအာကောင်းရေးဆိုတဲ Ending မှာပါဝင်ဖို့ပဲ တွန်းသင့်တာပေါ့ ။အဲ့လိုမဟုတ်ဘဲနဲ့ အဲ့လူပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ်ပဲ ဗဟိုထားပြီးတော့ ကိုယ့်ကိုကိုယ်ပဲ အခိုင်အခန့် တည်ဆောက်နေမယ်ဆိုရင် ကိုယ်ကငြမ်းမဖြစ်ပဲ ထီးဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ဖြစ်စေချင်တာက လူပုဂ္ဂိုလ်များက ငြမ်းဖြစ်ပြီးတော့ အင်စတီကျူးရှင်းများက ထီးဖြစ်သင့်တယ် ။ အဲလူပုဂ္ဂိုလ်များမရှိတော့ရင်တောင်မှ ထီးဟာ စွင့်စွင့်ငှားငှား အရိပ်ပေးနိုင်မှာပေါ့ဗျာ။ ကျွန်တော်တို့က အဲ့လိုဖြစ်စေချင်တယ် ။ ဒါကတော့ အများကြီး အကဲဖြတ် မစောစေချင်ဘူးပေါ့နော်။ ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင် ရှားတောင့်ရှားခဲခေါင်းဆောင်တွေ ရှိကြတယ် ။ ပေါ်လာကြတယ် ။ကျွန်တော်ကတော့ အောင်မြင်စေချင်တယ် ဖြစ်ထွန်းစေချင်တယ်။ ဒါပေမယ့် အဲ့လိုဖြစ်ထွန်းအောင်မြင်ဖို့ဆိုရင် နှစ်နှစ်ကာကာ ယုံဖို့လိုတယ်။ နိုင်ငံရေးသမားတစ်ယောက်သက်တမ်းက ငါးနှစ်ဆယ်နှစ်ပေါ့ဗျာ ။ ငါ့သက်တမ်းတစ်လျှောက်မှာ ရှေ့ဆက်ပြီးတော့ ငါမရှိလည်း အင်စတီကျူးရှင်းတွေ အခြေကျခဲ့တယ်။ အုတ်မြစ်ချခဲ့တယ်ဆိုရင် တိုင်းပြည်အတွက်ကောင်းတာပေါ့ ။ဘာလို့ဆို အဲ့ဒီဘက်ကို အမတ်တိုင်း ၊ ဝန်ကြီးတိုင်း၊  ခေါင်းဆောင်တိုင်း ဦးတည်နိုင်မယ်ဆိုရင် အဆင်ပြေတယ်။ ဘာလို့ဆို ကျွန်တော်တို့နိုင်ငံက ခုန ပြောသလိုပေါ့ ။ ပထဝီနိုင်ငံရေးဖိအားလည်း သိပ်များတယ်။ ဒီမိုဂရပ်ဖစ်လို့ခေါ်တဲ့ လူဦးရေအချိုးအစား အပြောင်းအလဲတွေလည်း သိပ်များတယ်ဆိုတော့ အရေးကြီးပါတယ်။

မေး - အဲဒါဆိုရင် တစ်ဆင့်ခြင်းတစ်ဆင့်ခြင်း အင်စတီကျူးရှင်းတွေ အားကောင်းလာအောင် ငြိမ်းချမ်းရေးဆိုလည်း တစ်ဖြေးဖြေး ကောင်းလာအောင်ပေါ့လေ လုပ်ဖို့လိုအပ်တယ်လို့ ဦးမင်းဇင်က ယူဆတယ် ။ ကျွန်တော်သိချင်တာက အခုလိုမျိုးအင်စတီကျူရှင်းတွေ အားမကောင်းတာ လူပုဂ္ဂိုလ်အပေါ် အခြေခံလွန်းအားကြီးတာတွေ မူဝါဒအပေါ်အခြေခံဖို့ အားနည်းတာတွေ ဖွဲ့စည်းပုံကိုအခြေခံဖို့ အားနည်းတာတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ သွယ်ဝိုက်သောနည်းအားဖြင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပွားစေနိုင်လဲ။

ဖြေ - တိုင်းရင်းသားတွေ အမြဲတမ်းပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ ဗိုလ်ချုပ်အောင်ဆန်းကို သူတို့ယုံလိုက်တယ်တဲ့။ ဗိုလ်ချုပ်အောင်ဆန်းလည်း လုပ်ကြံခံလိုက်ရရော ၊ အကုန်လုံးက   သောင်းကနင်းဖြစ်တယ်ဆိုတာ သမိုင်းအရ မှန်ခြင်း၊ မှားခြင်း ခဏထားပေါ့နော်။ သီးသန့်ဆွေးနွေးရမယ့်ကိစ္စ။ ဒါပေမယ့် အဲ့ဒီခံစားချက်က ပြင်းပြင်းထန်ထန်ရှိတယ်။ ဒါကြောင့်မို့ သူတို့က နောက်ထပ်လူပုဂ္ဂိုလ်တစ်ယောက်ကို ထပ်ပြီးယုံရမလဲဆိုတာကို စိတ်ပူတယ် ။ ဒါကြောင့်မို့ သူတို့ အမြဲတမ်း စေ့စပ်ဆွေးနွေးမှုတွေလုပ်ရင် ထောင့်စေ့အောင် ၊ ယိုပေါက်မရှိအောင် လျှောက်တောင်းတာ။  တစ်ခါတစ်ခါကျ တောင်းတာများလွန်းလို့ မင်းတို့တောင်းဆိုချက်တွေ ရှေ့နောက်မညီတော့ဘူးဆိုတာ ဖြစ်တယ်။ အဲဒါ ဘာလို့လဲဆိုတော့ အရမ်းကိုသေချာချင်တာပေါ့ ။ နိုင်ငံရေးသိပ္ပံမှာကတော့ ဖြစ်ခဲတယ် အဲဒါမျိုး ။ ဘယ်လောက်ပဲသေချာအောင်လုပ်လုပ် ဂယ်ပေါက်တွေက နေရာတိုင်းမှာရှိတာပေါ့ ။ ကာလတစ်ခုမှာတော့ ယုံကြည်မှုနဲ့ ခုန်လိုက်ရတာပဲ ။ အဲဒါ သဘာဝပဲ ။ အထူးသဖြင့် အင်စတီကျူးရှင်းအားမကောင်းသေးရင် ပိုလို့တောင် ဆိုးသေးတယ် ။ ဒါပေမယ့် အဲ့ဒီ ယုံလို့ ခုန်လိုက်ချင်တဲ့စိတ်က နည်းလာတာတွေ့ရတယ် ။ နည်းလာတာလည်း သူတို့ကိုအပြစ်တင်လို့မရဘူး ။ မွန်မှာ သူတို့ချောင်းဆုံတံတားဆိုတဲ့ဟာမျိုး နမူနာကြည့်လေ ။ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တိုင်းရင်းသားတွေအတွက် ခံစားရတာက အမျိုးသားရင်ကြားစေ့ရေးဆိုတာ သေနတ်ရှိမှပြောတာ။ သေနတ်မရှိတဲ့သူဆိုရင် ဒီလိုလုပ်တယ်ဆိုတာမျိုး ဖြစ်လာပြီ။ ဒါဟာကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး ။ ကျွန်တော်မြင်တာ ဒီယုံကြည်မှုဆိုတာ တစ်ခါတစ်လေကျတော့ သူများကိုအပြစ်တင်တဲ့ ယုံကြည်မှုမဟုတ်ဘူး ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိလို့ မင်းငါနဲ့စကားမပြောရဲတာလားဆိုလို့ရှိရင် တစ်ဖက်ကလူ ဘာတွေစိတ်ပူနေလဲဆိုတာကို ငါကလည်းရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ပြန်ပြီးသုံးသပ်ကြဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။

အင်တာဗျူးပထမပိုင်းအား အောက်ပါလင့်တွင် ကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/26824

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly