ယာဉ်ကြောပိတ်စေသည့် စာသင်ကျောင်း ၂၂ ကျောင်းတွင် ကျောင်းကားစနစ် အကောင်ထည်ဖော်မည်

ယာဉ်ကြောပိတ်စေသည့် စာသင်ကျောင်း ၂၂ ကျောင်းတွင် ကျောင်းကားစနစ် အကောင်ထည်ဖော်မည်
ဓာတ်ပုံ-ဒေါ်ကြည်ပြာဖေ့ဘုတ်
 

ရန်ကုန် ၊ မေ ၁၃ ။         ။ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းများအားလုံးတွင် မဟုတ်ဘဲ ယာဉ်ကြောကြပ်တည်းမှုကို ဖြစ်စေသည့် အဓိက အစိုးရစာသင်ကျောင်း  ၂၂ ကျောင်းတွင် ကျောင်းကားစနစ်ကို အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

ယမန်နေ့က တိုင်းအစိုးရအဖွဲ့မှ ကျောင်းကားစနစ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်ခန်းမဆောင်၌ ရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ဒေါ်နီလာကျော်က ပြောဆိုခဲ့သည်ဟု သိရသည်။

"အစိုးရ ပြောတယ်၊ ဒီစနစ်ကို ဖော်ဆောင်တာက ယာဉ်ကြောကြပ်တည်းမှုကို လျော့စေချင်တယ်ပေါ့ဗျာ၊ ကျောင်းသားတွေ လုံလုံခြုံခြုံစီးနှင်ရေးအတွက် ဖော်ဆောင်တာပေါ့" ဟု အဆိုပါ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သော ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

ကျောင်းကားစနစ်အကောင်အထည်ဖော်မည့် အစိုးရအထက်တန်းကျောင်းပေါင်း ၂၂ ကျောင်း ရှိသော်လည်း မည်သည့်ကျောင်းများ ပါဝင်နေသည်ကို အတိအကျ မသိရှိသော်လည်း ယာဉ်ကျောကြပ်တည်းမှုကို ထိခိုက်စေသည့် ကျောင်းများ၊ ကျောင်းကားအသုံးပြုမှုများသောကျောင်းများတွင် အဓိကအကောင်အထည် ဖော်သွားမည်ဟု သိရပြီး ဒဂုံ (၁)၊ TTC ကဲ့သို့ ကျောင်းများ ပါဝင်သည်။

မေလ ၁၀ ရက်တွင် ကိုရီးယားကုမ္ပဏီ( Korea Trade-Investment Promotion Agency-KOTRA၊ Pasco Daewoo Corporation) နှင့် ချုပ်ဆိုထားသောစာချုပ်အရ ကျောင်းကားသစ်များအား တိုင်းအစိုးရမှ မှာယူမည် ဖြစ်သည်။

ကျောင်းကားအဖြစ်အသုံးပြုရန် အစိုးရမှ ကား အစီးရေ ၂၀၀ မှာယူထားပြီး ယခု မေလကုန်တွင် ရောက်ရှိမည်ဖြစ်ကာ အစိုးရထံမှ ဝယ်ယူလိုပါက ဒေါ်လာ တစ်သောင်းခန့် သက်သာမည်ဖြစ်ပြီး ကား Show Room မှ ဝယ်ယူပါက ဒေါ်လာ လေးသောင်းခန့် ကျသင့်မည်ဟု သိရသည်။ အဆိုပါကျောင်းကားများကို ကျောင်းများမှ ဝယ်ယူရမည်ဖြစ်ပြီး ကျောင်းအုပ်၊ ကျောင်းအကျိုးဆောင်မိဘများ အဖွဲ့ ဖွဲ့၍ ဆောင်ရွက်ရမည် ဖြစ်သည်။ ကျောင်းကားမှာ မည်ကဲ့သို့သောကားအမျိုးအစားဖြစ်ကြောင်း မသိရသေးပေ။

ကျောင်းကားများ မဝယ်မနေရမဟုတ်ဘဲ လက်ရှိအသုံးပြုနေသည့် ကျောင်းကားများအား စစ်ဆေးပြီး လုံခြုံစိတ်ချရသည့် အနေအထားရှိပါက ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ကားများဖြင့် ကြို့ပို့ လုပ်သူများကို ရပ်တင်ချ စနစ်ဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အစိုးရက ပြောဆိုထား သည်ဟု ဦးကျော်ဇေယျက ဆိုသည်။

သို့သော် ကျောင်းကားပြေးဆွဲမည့် ယာဉ်များတွင် Light Truck ၊ ဒိုင်နာ ၊ ဟိုင်းလတ်ယာဉ်များကဲ့သို့ နောက်ပွင့် ယာဉ်များကို ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း သိရသည်။

ထို့ပြင် မူကြိုကျောင်းများအတွက်ပါ ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly