မြန်မာပြည်ရဲ့ တရုတ်ပြည်ဆိုင်ရာ မူဝါဒကို ဘယ်သူက အဓိက မောင်းနှင်နေသလဲ

မြန်မာပြည်ရဲ့ တရုတ်ပြည်ဆိုင်ရာ မူဝါဒကို ဘယ်သူက အဓိက မောင်းနှင်နေသလဲ

ဦးမင်းဇင် အမှုဆောင်ဒါရိုက်တာ( မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာလေ့လာရေးအင်စတီကျူ)နှင့် တွေဆုံပြီး မြန်မာ့ငြိမ်းချမ်းရေးအကြောင်း တွေ့ဆုံမေးမြန်းထားပါသည်။

မေး-လတ်တလော အခြေအနေတစ်ရပ်အရပေါ့လေ။ UNFCကနေ KIAနဲ့ WNO က နှုတ်ထွက်ဖို့ စိုင်းပြင်းနေကြတယ်။ ဘာကြောင့် အဲလို ဖြစ်လာရတယ်လို့ ယူဆပါသလဲ ။ နောက်တစ်ခုက သူတို့နှုတ်ထွက် သွားရင် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါသလဲခင်ဗျ။

ဖြေ-ဘာကြောင့် ဖြစ်သလဲဆိုတာကတော့ အားလုံးအများ ခန့်မှန်းကြတာပေါ့လေ။ ဒါက မြောက်ပိုင်းမှာ ဝ ဦးဆောင်တဲ့ UWSA မြောက်ပိုင်းမဟာမိတ်ဆိုပြီး ပေါ်လာတယ်။ အထူးသဖြင့် ဝ အပါအဝင်ပေါ့။ ဒီ ၇ ဖွဲ့ပေါ့။ ဖြစ်လာတဲ့အခါ ကချင်အပါအဝင် ဝ နဲ့ WNO လိုမျိုး ။ ရှမ်းတောင်မှာ SSPPပေါ့နော်၊ဒီအဖွဲ့အစည်းတွေဟာ နီးစပ်မှုအရ ၊ထိကပ်မှုအရ ၊ပထဝီသဘောအရ ဝ နဲ့ ကျန်တဲ့ ကိုးကန့် စတဲ့ အဖွဲ့အစည်းတွေနဲ့  လွန်ဆန်ဖို့ခက်တယ်။ ပူးတွဲလုပ်ရတာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ တကယ့်တကယ် ဝနဲ့ မြောက်ပိုင်းအဖွဲ့တွေ မပါလာဘူးဆိုလို့ရှိရင် ဒီအဖွဲ့တွေလည်း ပါရခက်မယ်ဆိုတဲ့ သဘောထားမျိုးလည်းရှိပါတယ်။ နောက်တခုကတော့ နိုင်ငံရေးအရပေါ့နော်။နိုင်ငံရေးအရလည်း အပစ်အခတ်အရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့အစည်းတွေကနေ ကိုယ်၌က ထင်သလောက် အခွင့်အရေးတွေ မရှိဘူး။အထူးသဖြင့် ကြားကာလနဲ့ ပတ်သက်တဲ့ အစီအမံတွေမှာ ဘာမှ ဒီအစိုးရဘက်က အာမခံနိုင်တာမရှိဘူးဆိုပြီး အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေကိုယ်တိုင်ကလည်း ပြောနေတာတွေရှိတယ်။ တစ်ချိန်တည်းမှာပဲ ဒီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်းပဲ မကျေလည်မှုတွေ ရှိတယ်။ တလောကဆို တောင်ကြီးမှာ ရှမ်းပြည်နယ်မှာ လုပ်တဲ့ ကိစ္စ။အဲလို အကြောင်းအချက်တွေအပေါ်မှာ ကြည့်ပြီးတော့လည်း လက်မှတ်ထိုးတဲ့သူတွေအနေနဲ့ တစုံတရာ ပြန်ပြီးတော့ စဉ်းစားတာ ဖြစ်ပြီးတော့ လက်မှတ်ထိုးမယ့်အစား ဝ နဲ့ လက်တွဲပြီး လုပ်တာ ပိုအဆင်ပြေမယ်လို့ ယူဆတာလည်း ဖြစ်နိုင်ပါတယ်။

မေး-ဒီလိုမျိုး အခြေအနေတွေ ဖြစ်ပေါ်လာတာနဲ့ ပတ်သက်ပြီးတော့ ၂၁    ရာစု ပင်လုံညီလာခံအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ခင်ဗျ။

ဖြေ-အကျိုးသက်ရောက်မှု ရှိနိုင်မယ်လို့ ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး  လုပ်တယ်ဆိုတာဟာ အဓိကကတော့ ပဋိပက္ခတွေ လက်နက်ကိုင်စစ်ပွဲတွေ လျှော့ချတာပဲလေ။ လက်နက်ကိုင် ပဋိပက္ခ တကယ်ဖြစ်နေတဲ့ ဒေသမှာ ပဋိပက္ခ လျှော့ချနိုင်မှ တကယ် ငြိမ်းချမ်းရေး ဖြစ်တယ်လို့ ေြ ပာရမှာပေါ့။ တကယ်တမ်းကျတော့ တကယ် လောလောဆယ် ပဋိပက္ခ ဖြစ်နေတာက ရှမ်းမြောက်မှာ အဓိက ဖြစ်နေတာ ။ အထူးအားဖြင့်  ကိုးကန့်နဲ့လည်းဖြစ်တယ်။ နောက်တခါ ကချင်နဲ့ဖြစ်တယ်။ ရှမ်းနဲ့ တစုံတရာ ဖြစ်တာရှိတယ်။ အဲဒီ ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခ မကျဆင်းလာဘဲနဲ့။ ငြိမ်းချမ်းရေးကတော့ ပါနိုင်သမှ လူ များများ ပါလေကောင်းတာပေါ့ဗျာ။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေးရဲ့ အဓိကက ရည်ရွယ်ချက်က လက်နက်ကိုင် ပဋိပက္ခကို လျှော့ချချင်တာပေါ့။ လက်နက်ကိုင် ပဋိပက္ခလျှော့ချမှုဟာ သိပ်မတိုးတက်လာဘူးဆိုရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းဟာ မပြည့်စုံဘူးလို့ ပြောရမှာပေါ့။

မေး-ခုနက ဦးမင်းဇင်ပြောတဲ့ အချက်နှစ်ချက်နဲ့  သက်ဆိုင်နေတာပေါ့။ ဒီ တိုင်းရင်းသားအဖွဲ့တွေ UNFC ထဲက နှုတ်ထွက်ဖို့ စိုင်းပြင်းနေတယ်။နောက်တခါ ဒီ ၂၁   ရာစု ပင်လုံညီလာခံအပေါ် အကျိးသက်ရောက်မှုရှိနိုင်တယ်။ အဲဒါနဲ့ ဆက်စပ်နေတာ  ဒီ တရုတ်နိုင်ငံရဲ့ အရှေ့တောင်အာရှ မူဝါဒ။ နောက်တခုက   သူ့ရဲ့ ကြီးမားတဲ့ One Belt one Road စီမံကိန်း ။ အဲဒီစီမံကိန်းကိုအကောင်အထည်ဖော်ဖို့အတွက် မြန်မာနိုင်ငံကလည်း အရေးပါနေတယ်။ အဲဒီလို ပထဝီနိုင်ငံရေးအရ ပတ်သက်နေတာတွေလည်း ရှိတယ်။ ကျွန်တော် သိချင်တာက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာ တနည်းအားဖြင့်  မြောက်ပိုင်းအဖွဲ့တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုက ဘယ်လောက်အနေထားထိ ရှိမလဲ ခင်ဗျ။

ဖြေ- ယေဘုယျအားဖြင့် ပြောရရင်တော့ သမိုင်းကြောင်းအရရော လက်ရှိအခြေအနေအရရော ထောက်ပံ့မှု မျိုးစုံအရရော တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ဘယ်လောက်ထိ သြဇာ လွှမ်းမိုးလဲ ၊ဥပမာဆိုပါတော့ တရုတ်အစိုးရကလည်း NCA လို့ ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးစေချင်တာပဲ။ လက်မှတ်ထိုးဖို့လည်း တိုင်းရင်းသားတွေကို တိုက်တွန်းတာပဲ။ ဒါပေမယ့် ထင်သလောက် မပေါက်ရောက်တာတွေ့ရတယ်။ တရုတ်ပြည်မှာလည်း အင်အားစုတစ်ခုတည်းလို့ ပြောလို့မရဘူး။ တရုတ်နိုင်ငံရေးဌာန မူဝါဒတစ်ခု ဖြစ်နိုင်တယ်။ ကျန်တဲ့ အခြားအခြားသော အဖွဲ့အစည်းတွေလည်း ရှိတယ်။မြန်မာပြည်ရဲ့တရုတ်ပြည်ဆိုင်ရာ မူဝါဒကို ဘယ်သူက အဓိက မောင်းနှင်သလဲဆိုတဲ့ကိစ္စက လေ့လာသူတွေအတွက် အဓိကမေးခွန်းထုတ်စရာကိစ္စလည်း ဖြစ်တယ်။ခုနက ဒီ One Belt one Road လို့ ခေါ်တဲ့ တစ်ခုတည်းသော ရပ်ဝန်း လမ်းမကြီးတစ်ခုတည်းမှာ စီးပွားရေးလမ်းမကြီးပေါ့နော်။အဲ့ကိစ္စနဲ့ ပတ်သက်ရင်လည်း မြန်မာပြည်ဟာ အရေးပါတာ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ပါကစ္စတန်က ကော်ရစ်တာလို့ ခေါ်တာပေါ့။ ဒီကော်ရစ်တာ ဆိုတာကတော့ စြင်္ကန်လမ်းပေါ့။ မြန်မာပြည်ဆိုလည်း တရုတ်ပြည်နဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ဦးတည်ရာကို စြင်္ကန်လမ်းလုပ်တယ်။ ပါကစ္စတန်နဲ့ လည်း အလားတူပဲ။ ဒါတွေက အင်မတန်မှ အရေးပါတယ်။ ဒါပေမယ့် တစ်ခု သတိပြုရမှာက တရုတ်က မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ပေးတာကိုတွေ့ရတယ်။ဒါ ၃ နှစ် ၄ နှစ်လောက်ရှိပြီၤ။ NCA မှာလည်း သက်သေ အဖြစ်နဲ့ ပါခဲ့တယ်။ ကာလတစ်ခု ကြာလာတဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေးဟာ သူတို့ ထင်သလို အလုပ်မဖြစ်ဘူးဆိုရင် တရုတ်ကတော့ ကာယကံရှင်တွေလို အကြာကြီး လိုက်ပါဖို့ ခက်နိုင်တယ်။သေနတ်မပေါက်ရင်တော်ပြီ ။ ပြသနာမဖြစ်ရင်တော်ပြီ ။ င့ါနယ်စပ်မှာ ဆူမပွက်ရင်တော်ပြီ။ ဒုက္ခသည်တွေ ထွက်ပြေးမလာရင်တော်ပြီ။ စီးပွားရေး ပြန်လုပ်မယ်ဆိုတဲ့ လမ်းကြောင်းဘက်ကို ပြန်ရောက်သွားနိုင်တယ်။ အဲဒီတော့ စီးပွားရေးပြန်လုပ်ရင် ငြိမ်းချမ်းရေးမရသေးရင် နဂိုခေတ်တုန်းက စီးပွားရေးပုံစံပဲ ပြန်ဖြစ်နေမယ် ။ လူတစ်စု။ လက်နက်ကိုင်တစ်စု။ စီးပွားရေး လုပ်ငန်းရှင် တစ်စု အဲဒီအင်အားစုတွေပဲ ပြန်ပြီးတော့ ကြီးပွားသွားတာမျိုး။ နောက်ပြီးတော့ ကျင့်ဝတ်အရ မလျှော်တဲ့ စီးပွားရေး အမူအကျင့်တွေ ပိုတွေ့နိုင်တယ်။ အခုတောင် ကျွန်တော်တို့ စိတ်ပူတယ်ဆိုတာက တဖက်က မြစ်ဆုံ အကြပ်အတည်းရှိတယ်။ တစ်ဖက်က ဝရဲ့ အကြပ်အတည်းရှိတယ်။ ဒီအကြပ်အတည်းတွေကိ ုကျော်လွှားဖို့အတွက် အစိုးရအနေနဲ့ တရုတ်နဲ့ ဘယ်လောက်ထိ အလဲအလှယ်လုပ်မလဲဆိုတဲ့ကိစ္စက အားလုံးက ဝိုင်းမေးနေတဲ့ကိစ္စ ဖြစ်နေပါတယ်။ ကျောက်ဖြူလိုကိစ္စမျိုး ရေနက်ဆိပ်ကမ်းလိုကိစ္စမျိုး ၊အထူးစီးပွားရေးဇုန်လိုကိစ္စမျိုးကို မြစ်ဆုံ နဲ့ အလဲအထပ်လုပ်မှာလား ၊ဝ နဲ့ အလဲအထပ်လုပ်မှာလား ဆိုတဲ့ ကိစ္စက အာလုံး သိချင်နေတဲ့ ကိစ္စ ဖြစ်တယ်။ဒီ ကိစ္စတွေနဲ့ ပတ်သက်ရင် ကျွန်တော်က တိုက်တွန်းချင်တာကတော့ ပြည်သူလူထုကို သတင်းအချက်အလက် များများ ပေးဖို့ လိုမယ်လို့ ထင်တယ်။ မီဒီယာတွေကလည်း ဒီ ကိစ္စကို အစိုးရကို မေးဖို့ လိုမယ် ။ကျွန်တော်တို့ မြစ်ဆုံတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စက ဘာလဲဆိုတော့ ကျွန်တော်တို့ သတင်းအချက်အလက်တွေ ဘာမှ မသိရဘူး။ကျွမ်းကျင်သူတွေနဲ့ နှီးနှောတာ တိုင်ပင်တာ သုတေသန ဆန်းစစ်ချက်တွေ လုပ်တာမရှိဘူး ။မရှိတော့ တကယ့်တကယ်မှာ ဖြစ်လာတဲ့ အခါမှာ ဒါကြီးက အန္တရာယ်ရှိတယ်၊ငလျင်ကိစ္စတွေ ကျန်တဲ့ ကိစ္စတွေ အန္တရာယ်ရှိတယ်ပြောတဲ့ အခါကျမှ ပြန်ပြီးတော့ ဖျက်ဟယ်ပြုဟယ်ဆိုလို့ရှိရင် အရမ်းခက်ပါတယ်။ဒါကြောင့်မို့ ကျွန်တော်က နောက်နောင်မှာ  အကြီးကြီးတွေ မလုပ်ခင်မှာ ပြည်သူလူထုကိုလည်း အသိပေးသင့်တာ ပေးဖို့လိုမယ်ထင်တယ်။ မီဒီယာတွေဘက်ကလည်း အဲဒါကို မေးဖို့ လိုမယ်လို့ထင်ပါတယ်။

မေး-တရုတ်အစိုးရက မြန်မာ့နိုင်ငံရေး ၊ မြန်မာ့ ငြိမ်းချမ်းရေးအပေါ်မှာ ချဉ်းကပ်တဲ့ပုံစံက အစိုးရ တခုနဲ့ တခုအပေါ်မှာ ပြောင်းလဲမှု ရှိတယ်လို့ ယူဆလို့ရမလား ။ ဒါမှမဟုတ် တစ်သမတ်တည်းမူဝါဒတွေနဲ့ ချည်းကပ်နေတယ်လို့ ထင်လားခင်ဗျ

 ဖြေ-တရုတ်ရဲ့ ဗမာ့ မူဝါဒကတော့ အဓိက အားဖြင့် နှစ်ခွ ဆက်ဆံတဲ့ လမ်းကြောင်းပေါ့။သူက အစိုးရကိုလည်း ဆက်ဆံမယ် ၊နယ်စပ်မှာရှိတဲ့ သူနဲ့ ထိစပ်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေ ဟိုတုန်းကတော့ ဗကပ ပေါ့။ အဲဒါတွေကိုလည်း ဆက်ဆံမယ်ပေါ့။ အဲဒီ ပေါ်လစီပေါ့။ နှစ်ခွ မူဝါဒကို ဗမာအစိုးရဘက်က သေသေချာချာ ဖြောင်းဖြပြီးတော့ အကျိုးစီးပွားအရ ထိန်းညှိပြီးတော့ ပြောင်းလဲတာမျိုး မလုပ်နိုင်တဲ့ ကာလပတ်လုံးကတော့ တရုတ်ကတော့ ခြေကမမြဲ လက်ကမြဲပေါ့ ။အဲလို လုပ်နေမှ ပဲ။ အဲလိုလုပ်နေသမမျှ ကာလပတ်လုံးတော့ နယ်စပ်တည်ငြိမ်ရေးလည်း မဖြစ်နိုင်ဘူး ။စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု လုပ်မယ်ဆိုလည်း လူများစုရဲ့ အကျိုးထက် လူနည်းစု နီးစပ်ရာ နီးစပ်ရာ  လက်နက်ရှိတဲ့သူတွေရဲ့ အကျိုးစီးပွား စီးပွားရေး ခရိုနီတွေရဲ့ အကျိုးစီးပွား တွေဘက်ကို ပိုရောက်သွားနိုင်တယ်။ အဲဒါ သိပ်အန္တရာယ်ရှိတယ။် အထူးသဖြင့်  ပြည်သူလူထုက မှန်မှန်ကန်ကန်မသိရဘူးဆိုရင် ခုပဲ ကျောက်ဖြူကိစ္စဆိုရင် တရုတ် က ငါးဆယ် ငါးဆယ် ရှယ်ယာကနေ ၇၅/ ၈၀ ထိ တောင်းတယ်လို့ ပြောလာပြီ။ ဒါ ဟုတ်လား၊ မဟုတ်လားဆိုတာလည်း ကျွန်တော် တို့ သိဖို့လိုတယ်။အခုခေတ်မှာ ဒီသတင်းအချက်အလက်ကို ပြန်ပြီး စိတ်ပူနေရပြီဆိုရင်  ပွင့်လင်းမြင်သာမှုဆိုတာ ဘာလဲလို့ ကျွန်တော်တို့ မေးခွန်းထုတ်လာမယ်ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly