KNPP ညီလာခံတွင် NCA လက်မှတ်ထိုး၊ မထိုး မဆုံးဖြတ်နိုင်သေး

KNPP ညီလာခံတွင် NCA လက်မှတ်ထိုး၊ မထိုး မဆုံးဖြတ်နိုင်သေး
ဓာတ်ပုံ-KNPP Congress

ချင်းမိုင်၊မေလ ၁၁ ။                  ။ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) ညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA ) လက်မှတ်ရေးထိုး ရေးဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မေလ ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပသော ၁၃ ကြိမ်မြောက် ပါတီ ညီလာခံတွင် အဓိကအားဖြင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ စသည့် အချက် ၂ ချက်အပေါ် ဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌ၊ ဗဟိုကော်မတီ၊ အမြဲတမ်း ဗဟိုကော်မတီနှင့် အရန်ကော်မတီ အဖွဲ့ဝင်များကို ရွေးချယ်ခဲ့သည်ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

“ကျွန်တော်တို့ ကွန်ဂရက်မှာ အဓိကဆွေးနွေးတာကတော့ ရှေ့ဆက် လုပ်ရမဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်ခု၊ နောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတစ်ခု မူအားဖြင့် အဲဒီ နှစ်ချက်ပဲ ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ NCA ထိုးမယ်၊ မထိုးဘူးဆိုတာက လာမဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်မယ်။ အချိန်ယူပြီး ဆွေးနွေးရမှာကိုး”ဟု သူက မဇ္ဈိမကို ပြောသည်။

KNPP ၏ ဥက္ကဋ္ဌ အဖြစ် လက်ရှိ ခွန်းအေဘယ်တွီဒ်ကို ပြန်လည် ရွေးချယ်ခံရပြီး လက်ရှိ ဒုဥက္ကဋ္ဌ ခူဦးရယ်သည် အမြဲတမ်း ဗဟိုကော်မတီဝင် အဖြစ် ရွေးချယ်ခံရသည်ဟု သူက ပြောသည်။

ညီလာခံမှ အမြဲတမ်း ပါတီ ဗဟိုကော်မတီဝင် ၃ ဦး၊ ဗဟိုကော်မတီဝင် ၁၇ ဦးနှင့် အရန်ကော်မတီဝင် ၁၂ ဦးတို့ကို ရွေးချယ် တင်မြှောက်ခဲ့သော်လည်း ပါတီ၏ ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးအဖွဲ့ တို့ကို လာမည့် မေလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ကျင်းမည့် ဗဟိုကော်မတီ အစည်းအဝေးမှ ရွေးချယ်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

အမြဲတမ်း ဗဟိုကော်မတီဝင် ၃ ဦးမှာ ခူဦးရယ်၊ မောဒေးဒေးဖော၊ ခူထဲဘူးတို့ ဖြစ်ပြီး လေးနှစ်တစ်ကြိမ် ကျင်းပသော KNPP ၏ ညီလာခံအတွင်း ပါတီဝင်ပေါင်း ၂၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပါတီ၏ ရှေ့လုပ်ငန်းစဉ်အဖြစ် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူငယ်နှင့် အမျိုးသမီး ရေးရာများကို ဆွေးနွေးသုံးသပ် ချမှတ်ခဲ့သည်ဟု သိရသည်။

လာမည့် အပတ်တွင် ကျင်းပမည့် ဗဟိုကော်မတီ အစည်းအဝေးတွင် NCA ထိုးရေး၊ မထိုးရေးနှင့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရေး၊ မတက်ရေးတို့ကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

လက်ရှိ NCA လက်မှတ်ရေးထိုးရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တွင် ခေါင်းဆောင်အဖြစ် KNPP က ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။

ပါတီ ညီလာခံ မတိုင်မီ မေလ ၂ ရက်နေ့ ကျရောက်သော KNPP မှ နှစ် ၆၀ ပြည့် အခမ်းအနားလည်း ကျင်းပခဲ့သည်ဟု သိရသည်။ KNPP သည် ၂၀၁၂ ခုနှစ်က သမ္မတ ဦးသိန်းစိန် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

KNPP ကို ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေ့တွင် ဥက္ကဋ္ဌ ထောပလိုက ဦးဆောင်၍ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နဝတ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး ပျြက်ပယ်သွားခဲ့ကြောင်း သိရသည်။

၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် လက်ရှိ ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သည့် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့က ရန်ကုန်မြို့သို့ သွားရောက်၍ အပစ်အခတ် ရပ်စဲရေး ပြန်လည် ရရှိရေး ဆွေးနွေးခဲ့သည်လည်း နဝတ မှ သဘောမတူဘဲ ပယ်ချခဲ့သဖြင့် ယနေ့ထိ ဆက်လက် တိုက်ခိုက်နေရခြင်း ဖြစ်သည်ဟု KNPP သမိုင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly