ရခိုင်ကော်မရှင်ကြားဖြတ်အစီရင်ခံစာအပေါ် NLD ဘက်မှအသေးစိတ် ဆွေးနွေးအကြံပြုခဲ့

ရခိုင်ကော်မရှင်ကြားဖြတ်အစီရင်ခံစာအပေါ် NLD ဘက်မှအသေးစိတ် ဆွေးနွေးအကြံပြုခဲ့

ရန်ကုန်၊ မေ ၁၂ ။            ။ ကိုဖီအာနန်ဦးဆောင်တဲ့ရခိုင်အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါအချက်အလက်များကို အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဦးဆောင်သူအချို့က အသေး စိတ်ဝေဖန်အကြံပြုခဲ့သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြက မဇ္ဈိမသို့ ပြောသည်။

ယနေ့ မေ ၁၂ ရက် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ရခိုင်ကော်မရှင်နှင့် NLD ပါတီထိပ်တန်းခေါင်းဆောင်များတွေ့ဆုံစဉ် ပြောခဲ့ခြင်းဖြစ်သည်။

“ ကြားဖြတ်အစီရင်ခံစာနဲ့ပက်သက်ပြီးတော့ နာယကကြီး ဦးတင်ဦးကနေပြီး တစ်ခုစီတစ်ခုစီ မြင်ပြီးတဲ့အခါမှာ သုံးသပ်ပြီးတော့ တင်ပြသွားတာပါ။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဒီမှာအကြံပြုထားတဲ့ ကိစ္စလေးတွေဟာ ကောင်းမွန်တယ် ထောက်ခံတယ်ဆိုတဲ့အကြောင်း ကိုပြောသွားခြင်းလည်းဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ အစီရင်ခံစာတစ်ခုကိုလည်း တင်ပြတဲ့အခါမှာ ဒါကို အကောင်အထည်ဖော်နိုင်ဖို့လိုတာပေါ့ အဲ့လိုဖော်တဲ့အခါလည်း ကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံဖို့ဆိုတဲ့အချက်လေးကိုလည်း တင်ပြခဲ့ပါတယ် “ ဟု ဦးဝင်းမြက ပြောသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အကြံပြုချက် ၃၀ ပါ ကြားဖြတ်အစီရင်ခံစာကို ပြီးခဲ့သည့်မတ်လက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် IDP စခန်းများကို ပိတ်ပစ်ပြီး မူလရပ်ရွာများတွင် ပြန်လည်အခြေချ နေထိုင်ခွင့်ပြုရန်၊ အစိုးရအနေဖြင့် နိုင်ငံရေးနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများတွင် မွတ်ဆလင်များ၏ ကိုယ်စားပြုမှု အားကောင်းလာစေရေးအတွက် လုပ်ဆောင်ပေးရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေး နှင့်ဆက်စပ်သည့် သင်တန်းများပေးရန် ဆိုသည့် အကြံပြုချက်များပါဝင်သည်။

အဆိုပါအကြံပြုချက်များနှင့်ပတ်သက်ပြီး NLD နာယက သူရဦးတင်ဦးက “ အချိန်တိုတိုလေးနဲ့တော့ မရပါဘူး ဒါ ရှည်ရှည်ဝေးဝေး မျှမျှတတ ဖြစ်အောင်ရှင်းရမယ့် ကိစ္စဖြစ်တယ် ” ဟု ပြောဆိုသည်။

လာမည့် မေ ၁၅ ရက် နေပြည်တော်တွင် တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိနေပြီး အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) နှင့်လည်း တွေ့ဆုံရန်ရှိနေသည်။

ရခိုင်အကြံပေးကော်မရှင်အနေဖြင့် လွန်ခဲ့သည့်ရပိုင်းက ဘာသာရေး ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ယနေ့တွင် အာဏာရ NLD ပါတီနှင့်တွေ့ဆုံခြင်း ဖြစ်သည်။

ကိုဖီအာနန် ကော်မရှင် အကြံပြုစာတွင် သတင်းမီဒီယာများနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဆီးအတားမရှိဘဲ ပဋိပက္ခဖြစ်ပွားရာနေရာများသို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို စီစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ပေးကာ လွတ်လပ်စွာသွားလာ ခွင့်ပြုရန်၊ ပဋိပက္ခဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိုက်သင့်သလို အပြစ်ဒဏ်များ ချမှတ်ပေးရန် စသည့် အကြံပြုချက်များပါဝင်သည်။

 “ နယ်စပ်ခြင်းထိတွေ့နေတဲ့အတွက် တစ်ဖက်က ကူးလူးဆက်ဆံမှုဆိုတာ လည်း ဒါထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်တယ်။ ဒါတွေကိုဘယ်လိုကာကွယ်မယ် ဒါတွေကို ဘယ်လိုထိန်းသိမ်းနိုင်မယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ တစ်ချိန်တုန်းကရှိခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးဆိုတာဖြစ်လာ လာနိုင်စရာအကြောင်းရှိတယ်။ အဓိက ကတော့ ဒီအစီရင်ခံစာနဲ့ ပက်သက်ပြီးတော့ မျှတမှုရှိတယ်လို့မြင်တယ်လို့ သူတို့ပြောတယ်” ဟု ရခိုင်ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် မစ္စတာကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံတကာ ပညာရှင် သုံးဦး၊ မြန်မာနိုင်ငံသား အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယင်းကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဖွဲ့စည်းပေးထားခဲ့ခြင်း ဖြစ်ပြီး အပြီးသတ် အကြံပြုစာကို လာမည့် ဇွန်လအတွင်း အစိုးရထံ ပေးပို့သွားရန်လည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly