လိပ်ကျွန်းအမှုအတွက် သေဒဏ်ကျခံရသော မြန်မာနှစ်ဦးကို အစိုးရအကာအကွယ်ပေးရန် တောင်းဆို

လိပ်ကျွန်းအမှုအတွက် သေဒဏ်ကျခံရသော မြန်မာနှစ်ဦးကို အစိုးရအကာအကွယ်ပေးရန် တောင်းဆို

ရန်ကုန်၊ မေ ၁၂ ။           ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့ကို အစိုးရအနေဖြင့်ကာကွယ်ပေးရန်အတွက် လိပ်ကျွန်းအမှှု အထူးစုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ဝင် ဦးထူးချစ်က တောင်းဆိုလိုက်သည်။

၎င်းက မေလ ၁၂ရက်က ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး လိပ်ကျွန်းမှပဲ့တင်သံ ရုပ်သံဖိုင်ကိုလည်း မီဒီယာများကို ထုတ်လွှင့်ပြသခဲ့သည်။

"ပိုပြီးတော့ အရေးကြီးတာက လက်ရှိမြန်မာနိုင်ငံအစိုးရအနေနဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီးတော့ မတရားကျခံနေရတဲ့ ကျွန်တေ်ာတို့မြန်မာနိုင်ငံသားနှစ်ယောက်ကို အတတ်နိုင်ဆုံးဥပဒေအရ သံတမန်နည်းလမ်းအရ အကာအကွယ်ပေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒါကို လုပ်တာပါ။"ဟု လိပ်ကျွန်းလူသတ်မှုအထူးစုံစမ်းရေးကော်မတီက အမှတ်၃ တာဝန်ခံ ဦးထူးချစ်က ပြောသည်။

လိပ်ကျွန်းမှ ပဲတင့်သံရုပ်သံထဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အမှန်တရားဖြစ်သည့်အတွက် တွန်းအားပေးရမည်ဖြစ်ကြောင်းပြောထားသည်။

"ကျွန်တော်တို့နိုင်ငံက အရင်အစိုးရကလည်း ကြိုးစားခဲ့တယ်။အခုလက်ရှိအစိုးရကလည်း ကြိုးစားနေတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကလည်း ပြည်သူတွေကလည်း မခံမရပ်နိုင်ဖြစ်ပြီတော့ တွန်းအားပေးတယ်။ ဆက်လက်ပြီတော့လည်း တွန်းအားပေးရမယ်။ အမှန်တရားဟာ အမှန်တရားပဲ"ဟု ဦးဇော်အေးမောင်ပြောဆိုခဲ့သည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး အယူခံတရားရုံးအမှတ်(၈)၏ သေဒဏ်အတည်ပြုအချက်များထဲတွင် မှုခင်းရဲဌာန၏ သုံးသပ်ချက်များနှင့် တရာသူကြီး၏ ထင်မြင်ချက်များက တူညီမှုရှိကြောင်း ထိုင်းမြန်မာစကားပြန် ကိုမိုးဝေက ပြောသည်။

"အယူခံရုံးအမှတ်(၈)တရားရုံးက သေဒဏ်အတည်ပြုတည့်အထဲမှာ ၁၀၉ မျက်နှာရှိစာကို ကျွန်တေ်ာကိုယ်တိုင် ဘာသာပြန်ပြီးတော့ အဖွဲ့အစည်းက  တစ်ဆင့် အစိုးရဆီကို ပြန်ပို့တာရှိပါတယ်။ ဒီအချက်ထဲမှာ ဘာတွေပါလဲဆိုတော့ ကလေးတွေရဲ့ DNA တွေ့တယ်လို့ပြောတယ်။ မှုခင်းစုံစမ်းရေး ရဲဌာနရဲ့ သုံးသပ်ထင်မြင်ချက်နဲ့ တရားသူကြီးရဲ့ထင်မြင်ချက်တွေက တူညီမှုတွေရှိတယ်။ ဥပမာ ရဲဌာနက တင်ပြလာတဲ့အချက်တွေကို တရားရုံးက အတည်ပြုပြီးတော့ ဒါကို  ထပ်ပြီးတော့သေဒဏ်ကို အတည်ပြုတာဖြစ်တယ်"ဟု ဆက်ပြောသည်။

သေဒဏ်ချမှတ်ခံထားရသော ဝင်းဇော်ထွန်းနှင့် ဇော်လင်းကို လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် အမှု ၇ မှုဖြင့် ထိုင်းနိုင်ငံ ကော့စမွီခရိုင်တရားရုံးက ၂၀၁၅ခုနှစ် ဒီဇင်ဘာ၂၄ရက်တွင် သေဒဏ်ချမှတ်ခဲ့သည်။ ယင်းသို့သေဒဏ်ချမှုကို ထိုင်းအယူခံတရားရုံး၌ အယူခံဝင်ခဲ့သော်လည်း မတ်လ ၁ရက်တွင် အယူခံအမိန့်အား မူလပြစ်ဒဏ်အတိုင်း သေဒဏ်ချမှတ်ခဲ့သည့်အတွက် အမြင့်ဆုံးအယူခံတက်ရန် ကြိုးစားနေခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly