ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူကုန်ကူးမှုဖြစ်စဉ် ဖြစ်ပွားမှုနှုန်း မြင့်တက်နေဆဲဟု ဆို

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူကုန်ကူးမှုဖြစ်စဉ် ဖြစ်ပွားမှုနှုန်း မြင့်တက်နေဆဲဟု ဆို

မေ ၁၂ ။           ။ မြန်မာနဲ့ ထိုင်း နယ်စပ်တစ်လျှောက် တရားမဝင် လူကုန်ကူးမှုဖြစ်စဉ် ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

နှစ်နိုင်ငံစလုံးက သက်ဆိုင်ရာ  အာဏာပိုင်တွေအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေလင့်ကစား မြန်မာဘက်ကနေ ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်မှုဖြစ်စဉ်တွေဟာ ကျမသွားဘဲ မြင့်တက်နေဆဲဖြစ်ကြောင်း သိရပါတယ်။

လာမယ့်လမှာ ထုတ်ပြန်ဖွယ်ရှိတဲ့ အမေရိကန်အစိုးရရဲ့ လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာထဲမှာ မိမိတို့အစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းချက်တွေကို ထည့်သွင်းအသိအမှတ်ပြုခံရဖို့ မျှော်လင့်ထားကြောင်း ထိုင်းအာဏာပိုင်တွေဘက်က ယခုနှစ်အစောပိုင်းက ပြောကြားထားခဲ့ပါတယ်။

သို့ပေမယ့်လည်း အန္တရာယ်တွေ ထူပြောလွန်းလှတဲ့ ပင်လယ်ရေကြောင်းကနေ စွန့်စွားသွားလာသူ ရွှေ့ပြောင်းလုပ်သားဦးရေ နည်းပါးနေပြီလို့ ယူဆရနိုင်သော်ငြားလည်းပဲ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က စုဆောင်းရရှိထားတဲ့ ကိန်းဂဏာန်းတွေအရတော့ ၂၀၁၄ ခုနှစ်နောက်ပိုင်း နယ်စပ်ကုန်လမ်းကနေတဆင့် တရားမဝင်လူကုန်ကူးမှု အရေအတွက်က မြင့်တက်နေလျက်ရှိကြောင်းလည်း သိရပါတယ်။

အဆိုပါ နှစ်တွေမှာလည်း အာဏာစရလာတဲ့ ထိုင်းစစ်အစိုးရကလည်း အဆိုပါ တရားမဝင် လူကုန်ကူးမှုနဲ့ မှောင်ခိုင်ဂိုဏ်းတွေကို ထိထိရောက်ရောက် တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ပြီး လုပ်ဆောင်လာခဲ့ပါတယ်။

" ဒီ လူကုန်ကူးမှုတွေ ပပျောက်သွားဖို့ ကျွန်တော်တို့ နည်းလမ်းအမျိုးမျိုးသုံး ဖိအားပေးလုပ်ဆောင်ခဲ့တော့ သူတို့တွေကလည်း နောက်တစ်ခြား နည်းလမ်းသစ်တွေ ရှာပြီး လာလာနေကြတော့တာပါပဲ၊ အဲဒီတော့ ကျွန်တော်တို့လည်း အကုန်လုံးကိုတော့ မျက်ခြေမပြတ် စောင့်ကြည့်ဖို့ မတတ်နိုင်ခဲ့ပါဘူး" လို့ ထိုင်းအနောက်ပိုင်း တက် ခရိုင်က နယ်စပ်လူဝင်မှုကြီးကြပ်ရေးရဲဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Sompong Saimonka က ပြောပါတယ်။

မြန်မာနိုင်ငံဆီကနေ လာရောက်တဲ့ ရွှေ့ပြောင်းတွေအနေနဲ့ကတော့ ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းလိုမျိုး လုပ်ငန်းတွေမှာ လုပ်ကိုင်တတ်ကြတယ်လို့ သိရပါတယ်။

ယမန်နှစ်ကတော့ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရအောင် နှစ်ဘက်အစိုးရအကြား သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားအများစုကတော့ တရားဝင်အထောက်အထားလက်မှတ်တွေ ရဖို့ ခြောက်လလောက်ကို မစောင့်ချင်ကြတော့ဘဲ လူမှောင်ခိုကူးသူတွေနဲ့ပဲ မြန်မြန်ဆန်ဆန် သွားလာဝင်ရောက်နေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly