ပြင်သစ် အနုပညာနှင့် နည်းပညာ ကဏ္ဍပေါင်းစုံပါဝင်သည့် La French Touch မေ နှင့် ဇွန်တွင် ကျင်းပမည်

ပြင်သစ် အနုပညာနှင့် နည်းပညာ ကဏ္ဍပေါင်းစုံပါဝင်သည့် La French Touch မေ နှင့် ဇွန်တွင် ကျင်းပမည်
 

La French Touch ဟု အမည်ပေးထားသည့် ပြင်သစ် အနုပညာနှင့် နည်းပညာ ကဏ္ဍပေါင်းစုံပါဝင်သည့် ဆန်းသစ်တီထွင်ပြင်သစ်အထိအတွေ့အစီအစဉ်များကို မေလ နှင့် ဇွန်လအတွင်း ရန်ကုန် နှင့် မန္တလေး၌ ကျင်းပရန်ရှိနေသည်။

ထိုအစီအစဉ်များကို ရန်ကုန်နှင့် မန္တလေးတို့ကို ခေတ်နှင့်အမီလိုက်နိုင်သော ယဉ်ကျေးမှုပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းနေသော မြို့ကြီးများအဖြစ် အဆင့်မြှင့်တင်ပေးရန် ရည်ရွယ်ပြုလိုက်ခြင်းဖြစ်သည်။

ယခုပြုလုပ်မည့်အစီအစဉ်များကို ပြင်သစ်ယဉ်ကျေးမှုဌာနက ဦးစီးကျင်းပကာ နှစ်လတာကြာမြင့်မည်ဖြစ်ဟု မေလ ၉ရက်က ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

La French Touch ဟု အမည်ပေးထားသည့် ပွဲအစီအစဉ်များတွင် သရုပ်ဖော်အနုပညာများ၊ မီဒီယာနှင့်နည်းပညာအသစ်အဆန်းများ(မျက်မြင်ပုံရိပ်ယောင်-Virtual Reality)၊ ရုပ်ရှင်နှင့်ဂီတတင်ဆက်မှုများပါဝင်သည်။

La French Touch ၏ အစီအစဉ်တစ်ရပ်အဖြစ် မင်္ဂလာရုပ်ရှင်လုပ်ငန်းနှင့် ပူးပေါင်း၍ ရန်ကုန်မြို့၊ ဂမုန်းပွင့်ကုန်တိုက်ရှိ မင်္ဂလာရုပ်ရှင်ရုံ၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတွင်   ပြင်သစ်ရုပ်ရှင်ဇာတ်ကားများအား ပထမဆုံးအကြိမ်အဖြစ် ပြသသွားမည်ဖြစ်သည်။

နိုင်ငံတကာတွင်အောင်မြင်ခဲ့သည့် (INTOUCHABLES)ဇာတ်ကားကို မေလတွင် ပြသသွားမည်ဖြစ်ပြီး ဇွန်လတွင်မူ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားသော(CHOCOLAT) ဇာတ်ကားတို့ကို   ပြသသွားမည်ဖြစ်သည်။

ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် Digital Districtတို့ပူပေါင်းကာ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ်မျက်မြင်ပုံရိပ်ယောင် (Virtual Reality) ပွဲတော်ကိုလည်း မေလ၁၂ရက်မှ ၁၄ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ မျက်မြင်ပုံရိပ်ယောင်(VR)သည် ပတ်ပတ်လာ်ကြည့်ရှုနိုင်သည့် သုံးဖက်မြင်ရပ်ဝန်းတစ်ခုထဲတွင် မိမိကိုယ်တိုင် အမှန်တကယ် ရောက်ရှိနေသည့် အလား စီးမျောခံစားနိုင်မည့်နည်း ပညာဖြစ်သည်။

La French Touch ၏ တေးဂီတကဏ္ဍတွင်လည်း ဟစ်ပ်ဟော့လောကတွင် အမျိုးသမီးများအတွက်လည်း နေရာရှိနေကြောင်းကိုထင်ရှားစေမည့် Swaggers အဖွဲ့သားများ၏ "In the Middle(အလယ်မှာ)" အစီအစဉ်များ၊ အရုပ်ဆရာနှင့်ပလပ်စတစ်အိတ်ဖြင့် ပြုလုပ်ထားသောအရုပ်လေးများ၏ ရင်သက်ရှုမောဖွယ်ကဗျာဆန် ဆန်းသစ်လှသော ပြင်သစ်အဖွဲ့ Non Nova ၏ "Afternoon of a foehn Version 1"(နွေဦးလေ၏နေ့လယ်ခင်းပထမပုံစံ)အစီအစဉ်များကိုလည်း တင်ဆက်ပြသသွားမည်ဖြစ်သည်။
 
နောက်ဆုံးအစီအစဉ်အနေဖြင့် ဇွန်လ ၂၄ နှင့်၂၅ တွင် ပြုလုပ်ကျင်းပမည့် `La fete de la Musique (ဂီတပွဲတော်)´ ဖြင့် အဆုံးသတ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly