နိုင်ငံရေး ပယောဂ ပေါက်လုံးများ

နိုင်ငံရေး ပယောဂ ပေါက်လုံးများ
ကာတွန်း-ကိုခေတ်

နိုင်ငံရေး ပယောဂတွေကလည်း တယ်ကြီးသကိုးခင်ဗျ။ YBS အရမ်းအရမ်း အောင်မြင်မှုမရတာတောင် နိုင်ငံရေးပယောဂကြောင့်ဆို မဟုတ်လား။ (YBS ဟာ အတော်အတန်တော့ အောင်မြင်တယ်နော်။ အရမ်းအရမ်းသာ မအောင်မြင်တာ။ အာဏာပိုင်အချို့ကတော့ အဲသလိုပြောတာပဲ) ဒီနိုင်ငံရေး ပယောဂဆိုတဲ့ စကားလုံးကလည်း အတော်သုံးလို့ ကောင်းတယ်။ နေရာအတော်များများမှာ အသုံးတည့်တယ်။ ကိုးဆယ့်ခြောက်ပါး ရောဂါ ပျောက်ဆေးလိုပဲ အသုံးချနည်းကိုလည်း ရှေ့အစိုးရအဆက်ဆက်က ပြောခဲ့ပြီးပြီလေ။ ဉာဏ်ရှိသလို ဆက်သုံးကြရော့ပဲ။

ရှေ့အစိုးရတွေကတော့ ဖားပြုပ်ကိုက်လည်း နိုင်ငံရေးပယောဂပဲ၊ ခလုပ်တိုက်လည်း နိုင်ငံရေးပယောဂပဲ၊ သူတို့ကို ဆန့်ကျင်တယ်လု့ိ ယူဆရတဲ့ ပြုမူဆောင်ရွက်မှုမှန်သမျှကို အဲဒီ ခေါင်းစဉ်တပ်တာပဲ။ လူဆိုတာ နိုင်ငံရေးသတ္တဝါဆိုတဲ့ စကားရှိတယ်မို့လား။ ဒါကြောင့် ဘာတွေပဲလုပ်ကြလုပ်ကြ နိုင်ငံရေးပယောဂဆိုတာ မှားတော့မမှားဘူးပေါ့ မဟုတ်ဖူးလား။ ဂလိုကြောင့်လည်း နိုင်ငံရေးပယောဂဆိုတဲ့ စကားကြီးဟာ ပြည်သူ့အစိုးရအထိ ပါလာတာဖြစ်မှာပါ။ ပြဿနာတစ်ခုကို အခြေအမြစ်ကျကျ မဖြေရှင်းနိုင်တဲ့အခါမျိုးမှာ ပြဿနာဟာ ကိုယ်တာဝန်ခံရမယ့် အခြေအနေရှိနေတဲ့အခါမျိုးမှာ နိုင်ငံရေးပယောဂလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ အကောင်းဆုံး စကား ဖြစ်ပါလိမ့်မယ်ခင်ဗျာ။

နိုင်ငံရေးပယောဂလိုပဲ မရေမရာ နောက်ပြဿနာတစ်ခုလည်း ခေတ်စားနေပါသေးတယ်။ ကောလာဟလပါ။ ခုတလော အင်တာနက်မှာ ပလူပျံနေတာပဲ။ တိုင်းရေးပြည်ရေးကလည်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေချိန်မို့လား။ ဒီတစ်ခါ ကောလာဟလပြဿနာကတော့ နိုင်ငံတော်ကတောင် ကြေညာချက် ထုတ်ပြီး တားယူရတဲ့ အဆင့်ဖြစ်သွားတယ်။ CID ကပါ ဝင်ရောက်ကိုင်တွယ် ဖော်ထုတ်မယ်ဆိုတဲ့ အဆင့်ဖြစ်သွားတယ်။ (ဟိုအရင် ရုပ်မြင်သံကြားမှာ လွှင့်ထုတ်လေ့ရှိတဲ့ CID က ရဲအုပ်ကြည်မာခင် ဇာတ်လမ်းတွေထဲကလိုပဲ အမှုမှန် မြန်မြန်ပေါ်ပါစေလို့ပဲ မောင်မှန် ဆုတောင်းပါတယ်။

ကောလာဟလဖြစ်တယ်ဆိုတာ အခြေခံအကြောင်းတရားလေးတွေတော့ ရှိပါတယ်။ အလွတ်ကြီး ဖြစ်တာတော့ မဟုတ်ပါဘူး။ အလွတ်ကြီး လုပ်ကြံဖန်တီး ထုတ်လွှင့်ရင်လည်း များများစားစား မပျံ့နှံ့ပါဘူး။ မဟုတ်တာကြီးမှန်း လူတွေသိပါတယ်။ တကယ်ရှိခဲ့၊ ဖြစ်ခဲ့တဲ့ အခြေခံတစ်ခုပေါ်မှာ ပိုမို ချဲ့ကား ဖြန့်ချိမှသာ ထိရောက်မှုရှိတာပါ။ ရည်ရွယ်ချက်ကတော့ အမျိုးမျိုး ရှိကြမှာပေါ့။ ပုဂ္ဂိုလ်ရေး ထိုးနှက်ချင်တာ၊ နိုင်ငံရေး မတည်ငြိမ်ဖြစ်စေချင်တာ စသဖြင့်ပေါ့။ အခုဖြစ်ပေါ်လာတဲ့ ကောလာဟလရဲ့ အခြေခံကတော့ အစိမ်းဟောင်း ဘိုးတော်ကြီး တစ်ယောက် အနီဖက်မှာ ကြီးကြီးမားစတာ ဖြစ်တော့မယ်လို့ အနီပြောခွင့်ရက ပြောလိုက်တဲ့အပေါ်မယ် စတယ်လို့ မောင်မှန်ထင်တာပဲ။ သမ္မတ နှုတ်ထွက်စာတင်သလိုလို ကျန်းမာရေးမကောင်းဘူးဆိုသလိုလို ဘိုးတော်စိမ်းကြီးပဲ အနီ စီအီးစီ အစည်းအဝေး တက်နေပြီဆိုသလိုလို သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာတာ အဲဒီ ရှေ့သတင်းဝန်းကျင်မှာပါ။

ဒီသတင်းတွေဟာ အမှန်မဟုတ်ဘူး။ ကောလာဟလတွေပါ့ဆိုပြီး ရှင်းရပြန်တာလည်း အနီပြောခွင့်ရပါပဲ။ ကောလဟလတွေ ဖြန့်ချီမှုအပေါ် သတင်းသမားတစ်ဦးရဲ့ မေးမြန်းမှုကို အနီပြောခွင့်ရက "ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်ပါတယ်။ ကြားနေရတာတွေက အများကြီး ကြံ့ခိုင်ရေးကပဲလုပ်သလား၊ အချို့ တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား၊ ကျနေ်ာတို့ မလိုလားတဲ့ အိုင်တီကျွမ်းကျင်သူတွေကပဲ လုပ်သလား မှန်းဆရခက်ပါတယ်။" လို့ ဖြေကြားခဲ့ပါတယ်။ ဒီဖြေကြားမှုအပေါ်မှာတော့ မကျေလည်သူတွေ ကန့်ကွက်သူတွေ ပေါ်ပေါက်ခဲ့ပါတယ်။ တပ်မတော်က အခုလို စွပ်စွဲပြောကြားမှုဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့ တုံ့ပြန်ချက်တွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြောညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကလည်း ကန့်ကွက်ခဲ့ပါတယ်။

အနီပြောခွင့်ရကတော့ သူ့စတိုင်အတိုင်း ခပ်ဟော့ဟော့လေး ပြောတာပါပဲ။ ခံရတဲ့သူတွေလည်း ခံခဲ့ရပြီးပါပြီ။ မခံတဲ့သူတွေနဲ့ တွေ့တဲ့အခါကျ တစ်မျိုး ဖြစ်ရပါတော့တယ်။ ဒါပေမဲ့လည်း အနီပြောခွင့်ရက မမှုပါဘူး။ အေးဆေးပါပဲ။ သူတို့က သူတို့ပြောတာလေး၊ ဘယ်သူထင်လဲဆိုလို့ ဟိုကောင်တွေထင်တယ်၊ ဒီကောင်တွေထင်တယ်၊ ဦးနှောက်က စဉ်းစားတာကို ပါးစပ်က ထွက်သွားတာ၊ စွပ်စွဲတာ မပါဘူး။ စွပ်စွဲတာပါရင်တော့ ကျနော်အလွန် စွပ်စွဲတာမပါဘဲနဲ့ မခံနိုင်ဘူးဆိုတော့လည်း ဘယ်တက်နိုင်မတုန်း။ ပန်းနဲ့ပေါက်သလိုပေါ့လို့ ထပ်ပြောပါတယ်။ ဦးနှောက်က စဉ်းစားတာကို ပါးစပ်က ထွက်သွားတာပါတဲ့။ ဘုရားစိန်ဖူးတော် ဘယ်သူခိုးသတုန်းဆိုတော့ မောင်ဖြူပဲခိုးသာလား၊ မောင်နီပဲခိုးသလား မှန်းဆရခက်ပါတယ်လို့ ပြောရင် လူတွေအများကြီးရှိတဲ့အထဲကမှ မောင်ဖြူ၊ မောင်နီတို့ရဲ့ အမည်တွေကို ထုတ်ပြောမှန်းဆမှုဟာ သူတို့အပေါ် စွပ်စွဲရာ ရောက်တယ်ဆိုတာ လူတိုင်း သဘောပေါက်ပါတယ်။ မောင်မှန်က စစ်တပ်တို့ ပြည်ခိုင်းဖြိုးတို့ကို ဒီလိုပြောလို့ ချေပနေတာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ဒီလိုသွားပြောလို့ မဖြစ်ပါဘူး။ အချက်အလက်နဲ့ ပြောရမှာပါ။ တစ်ချို့ကိစ္စတွေ အချက်အလက် အထောက်အထား ခိုင်ခိုင်မာမာ မရလို့ ပါစပ်ပိတ်နေရတာ အများကြီးပါ။ အနီပြောခွင့်ရဟာ အာဏာရပါတီရဲ့ ပြောခွင့်ရမို့လေးနက်တည်ကြည်ပြီး ဆိုခဲ့စေ မြဲစေချင်တာပါ ခင်ဗျာ။

ဦးနှောက်က စဉ်းစားတာ နှုတ်ကထွက်လို့ရကြေးဆိုလို့ကတော့ ဒီလောကကြီးမှာ နိုင်ငံရေးလုပ်ဖို့မပြောနဲ့၊ သာမန်နေထိုင် လုပ်ကိုင်စားသောက်ဖို့တောင် လွယ်မယ်မထင်ပါဘူး။ ရှေ့ရှေ့မှာလည်း   သောက်ရူးခြောက်ခါတို့ အာဏာရှင်ဆန်သင့်ရင် ဆန်ရမှာပဲတို့နဲ့ ပေါက်သလောက်လည်း ပေါက်ခဲ့ပြီးပြီ မဟုတ်လား၊ အခုလည်း နောက်ထပ် ပေါက်လုံးတစ်လုံးပေါ့။ တဖက်ကတော့ ကိုယ့်ဆရာပြောသလို ပန်းနဲ့ပဲပေါက်မလား၊ ခဲနဲ့ပဲပေါက်မလား အဖြေတော့ မထွက်သေးဘူးပေါ့လေ။ မောင်မှန် စိုးရိမ်နေတာကတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတာကြီး မအောင်မြင်မှာကိုပဲခင်ဗျာ။ ခုနေတောင် ခုလောက်ဆို မအောင်များ မအောင်မြင်ရင်တော့လား...........။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly