ပခုက္ကူလေပြင်းကြောင့် နေအိမ်ပျက်စီးမှုများအား အစိုးရမှ ထောက်ပံ့ပေးမည်

ပခုက္ကူလေပြင်းကြောင့် နေအိမ်ပျက်စီးမှုများအား အစိုးရမှ ထောက်ပံ့ပေးမည်

ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ပခုက္ကူတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ အများဆုံး ကျပ် ၂ သိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဟု  သိရသည်။

နေအိမ်များ ပျက်စီးမှုအတိုင်းအတာအပေါ် မူတည်၍ ထောက်ပံသွားမည်ဟု ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဒေါက်တာ အောင်နိုင်က ဆိုသည်။

"ပခုက္ကူလေပြင်းတိုက်ခတ်မှုနဲ့ပတ်သက်လို့ တချို့အိမ်တွေက တစိတ်တပိုင်းပျက်စီးတယ်။ တချို့အိမ်တွေက လုံးဝပျက်စီးသွားတယ်။ လုံးဝပျက်ဆီးတဲ့အိမ်တွေကို နှစ်သိန်းနှုန်းနဲ့ထောက်ပံပါတယ်။ တစိတ်တပိုင်းပျက်စီးတဲ့အိမ်တွေကို ကျပ် တစ်သောင်းကနေ တစ်သိန်းနှုန်းအထိ သတ်မှတ်ပြီးထောက်ပံ့ပါတယ်။ ဒီမှာတော့ နှစ်သောင်းနှုန်းနဲ့ထောက်ပံ့မှာဖြစ်ပါတယ်"ဟု ဒေါက်တာအောင်နိုင်က ပြောသည်။

အဆိုပါ ထောက်ပံမှုများအပြင် ယာယီအခက်အခဲရှိနေသည့်အတွက် စားဝတ်နေရေး ထောက်ပံ့မှုများလည်း ထောက်ပံနေသည်ဟု ဆိုသည်။

"ကျွန်တော်တို့ ဒီမှာဆိုရင် ယာယီအခက်အခဲရှိခိုက်မှာ စားဝတ်နေရေးပြေလည်အောင် တစ်ပတ်စာ ဆန်ရိက္ခာဖိုးလည်း ထောက်ပံ့ပါတယ်။ပြီးတော့ ကယ်ဆယ်ရေး ပစ္စည်း ၉ မျိုးလည်း ထောက်ပံပါတယ်"ဟု ဦးအောင်နိုင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့သော သဘာဝ ဘေးအန္တရာယ်သည် နှစ်စဉ်ဖြစ်ပွားလျှက်ရှိပြီး ကြိုတင်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသဖြင့် ဌာနဆိုင်ရာများနှင့်အတူပြည်သူလူထုများ လူမှုရေး အသင်းအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်မှ  မေတ္တာရပ်ခံလိုက်သည်။

ပခုက္ကူမြို့နယ်အတွင်း မေလ ၇ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် နေအိမ် ၂၆၃ လုံး ပြိုလဲပျက်စီးခဲ့ပြီး အမိုးလန်သွားသည့် နေအိမ်မှာ ၂၁၀၂ လုံး ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly