UNFC မူအတုုိင်း ဆက်သွားရန် မွန်ပြည်သစ်ပါတီ ဆုံုးဖြတ်

UNFC မူအတုုိင်း ဆက်သွားရန် မွန်ပြည်သစ်ပါတီ ဆုံုးဖြတ်
ဓာတ်ပုံ- ရာမည ထွန်းထွန်းဝင်းဖေ့ဘွတ်

ချင်းမိုင်၊မေလ ၁၀ ။           ။ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီ အစည်းအဝေးမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မူအတိုင်း ဆက်လက် ရပ်တည်သွားရန် အပါအဝင် အချက် ၃ ချက် ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးအတွက် ဆက်လက်ပြီး နည်းလမ်းရှာကြိုးပမ်းသွားရန်နှင့် တံတားအရေးကိစ္စနှင့် စပ်လျဉ်း၍ မွန်ပြည်သူလူထုမှ ညီညွတ်စွာ တိုက်ပွဲဝင်နေသည်ကို   ထောက်ခံကြောင်းနှင့် မွန်ပြည်သူများ ဆန္ဒပြ တောင်းဆို နေချိန်တွင် မွန်ပြည်သစ်ပါတီမှ တစ်စုံတစ်ရာ ထုတ်မပြောခဲ့ခြင်းသည် နောက်ကွယ်မှ မွန်ပြည်တစ်ပါတီနှင့် ပတ်သက် ဆက်နွယ်နေသည် ဆိုသည့် စွပ်စွဲချက်မျိုး ဖြစ်ပေါ်မည်ကို မလိုလားခြင်းကြောင့် ဖြစ်ကြောင်း စသည့်တို့ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ၏ လူမှုကွန်ယက်တွင် မွန်ဘာသာဖြင့် ဖော်ပြထားသည်။

“ကျွန်တော်လည်း မွန်ဘာသာနဲ့ ရေးထားတာတွေပဲ သိပါတယ်။ ယူအန်အက်ဖ်စီ မူအတိုင်း ရပ်တည်သွားမယ်ဆိုတဲ့ အချက်တွေ ပါပါတယ်” ဟု မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ နိုင်ရွှေသိန်းက မဇ္ဈိမကို ပြောသည်။

မွန်ပြည်သစ်ပါတီ၏ ဌာနချုပ် ရေးချောင်းဖျားတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှ ယနေ့ မေလ ၈ ရက်နေ့ထိ ကျင်းပခဲ့ပြီး အဆိုပါ အချက် ၃ ချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသည် မွန်ပြည်သစ်ပါတီ၏ ညီလာခံမှ သတ်မှတ်ထားသည့် ၆ လတစ်ကြိမ် ကျင်းပသော ပထမဆုံးအကြိမ်နှင့် အရေးကြီးဆုံး အစည်းအဝေး ဖြစ်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးရေး၊ မထိုးရေးနှင့် မွန်ပါတီများ ပေါင်းစည်းနိုင်ရေးတို့ ဆွေးနွေးနိုင်ရေး တို့ အပါအဝင် ဆွေးနွေးရန် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်ရေးအတွက် UNFC နှင့်အတူ NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆွေးနွေးနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ် တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly