နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး အိမ်ခြေ ရ၀ခန့် ပျက်စီး

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး အိမ်ခြေ ရ၀ခန့် ပျက်စီး

နေပြည်တော်(မေလ ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ယနေ့ မေလ ၁၀ရက်၊ ညနေပိုင်းက လေပြင်းတိုက်ခတ်ရာမှ မြို့နယ်အတွင်းရှိ အနည်းဆုံး ကျေးရွာ (၄)ရွာမှ အိမ်ခြေ (၇၀)ခန့် ထိခိုက်၊ ပျက်စီးသွားသည်ဟု ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးရည်မွန်(ခ) မောင်တင်သစ်က မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့သည့် ကျေးရွာများမှာ ကျောက်စရစ်ကုန်းရွာ၊ ငါးဇင်းအင်းရွာ၊ အင်ကြင်းစုရွာနှင့် ဇလုတ်ကြီးရွာတို့ ဖြစ်သည်။

“အထိအများဆုံးကတော့ ကျောက်စရစ်ကုန်းရွာပေါ့ဗျာ။ အိမ်ခြေ ၄၀ကျော်လောက် ထိသွားတယ်။ အိမ်အများစုကတော့ အမိုးလန်တာပေါ့ဗျာ။ မြေပေါ်မှာ ပြားသွားတဲ့ သဘောပေါ့” ဟု ဦးရည်မွန်က ယနေ့ညဦးပိုင်းတွင် ပြောသည်။

အဆိုပါ ထိခိုက်၊ ပျက်စီးမှုအခြေအနေများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားပြီး ဝန်ကြီးဌာနမှ အိမ်ခြေ ထိခိုက်ပျက်စီးသွားသည့် မိသားစုဝင်များအား မနက်ဖြန်တွင် ကူညီ၊ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟုလည်း ဦးရည်မွန်က ဆိုသည်။

ယခုလအတွင်း မြန်မာနိုင်ငံသို့ မုတ်သုံလေ စတင်ဝင်ရောက်မည်ဖြစ်သည့်အတွက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် လေပြင်းအန္တရာယ်၊ မိုးကြီးမှုအန္တရာယ်နှင့် မိုးကြီးအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က နှိုးဆော်ထားသည်။

“မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ကမ်းရိုးတန်းဒေသများ၊ ပင်လယ်ရေကြောင်းခရီးများ၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် လေပြင်းနဲ့ မိုးကြိုးအန္တရာယ်သာမက တောင်ကျချောင်းရေကြောင့် ရုတ်တရက်ရေကြီးမှုအန္တရာယ်တို့ကိုပါ အထူးသတိရှိကြရန်လိုအပ်ပါတယ်” ဟု ဒေါက်တာထွန်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly