ထောင် ၄လချခံရသည့် ကျောင်းသားလေးဦးကို သံကြိုးခတ်ဖမ်းဆီးခြင်းက အကြမ်းဖမ်မှုမြောက်၍ ဆန္ဒပြရတာဟုဆို

ထောင် ၄လချခံရသည့် ကျောင်းသားလေးဦးကို သံကြိုးခတ်ဖမ်းဆီးခြင်းက အကြမ်းဖမ်မှုမြောက်၍ ဆန္ဒပြရတာဟုဆို

စစ်ကိုင်းကောလိပ်က ကျောင်းသားလေးဦးကို သံကြိုးခတ်တာက အကြမ်းဖက်မှုမြောက်တာကြောင့် ဆန္ဒပြရတာ ဖြစ်တယ်လို့ အကြမ်းဖက်မှုဆန့်ကျင်ရေး နဲ့ ဖမ်းဆီးခံကျောင်းသားတွေကို   ပြန်လွှတ်ပေးဖို့အတွက် ဆန္ဒထုတ်ဖော် လမ်းလျှောက်ပွဲတစ်ခုကို ဦးဆောင်သူ ကိုအောင်မင်းခိုင်က ပြောပါတယ်။

မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသားတစ်ဦးအပါအဝင် ကျောင်းသား ၄ ဦးကို ခွင့်ပြုချက်မတင်ဘဲ ဆန္ဒပြခဲ့တဲ့အတွက် မေလ (၉) ရက်က မန္တလေး ချမ်းအေးသာစံ တရားရုံးက ထောင်ဒဏ် ၄ လ အမိန့်ချခဲ့တဲ့အပေါ် တောင်းဆိုတာဖြစ်တယ်လို့ အခြေခံပညာကျောင်းသားများသမဂ္ဂ ဦးဆောင်လှုပ်ရှားသူ ကိုအောင်မင်းခိုင်က ဆိုပါတယ်။

“နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အမိန့်မချရသေးသရွေ့ သံကြိုးခတ်ခွင့်မရှိဘူး။ မနေ့က တွေ့မှာပါ ကျောင်းသား ၄ ဦးကို မတရားသံကြိုးတွေနဲ့ ခတ်တယ်။ ဒါဟာ ပုဒ်မ ၁၉ အရဆိုပြီး မတရားဥပဒေနဲ့ ထောင် ၃လ တရားရုံးမှာ မထီလေးစားလုပ်တဲ့အတွက် ထောင် ၁လ၊ အဲ့တာတော့ မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထောင် ၃လဆိုတာဟာ အမိန့်ဆိုပြီး တရားဝင်မချရသေးပါဘူး မချရသေးတဲ့အချိန်မှာ ကျောင်းသားတွေကို ခွေးလိုနွားလိုခေါ်သွားတာ အဲ့ကိစ္စကို လုံးဝလက်မခံဘူး”

အခုဆန္ဒထုတ်ဖော်ရာမှာလည်း ဒီမိုကရေစီအရ ပြုလုပ်တာဖြစ်လို့ ခွင့်ပြုချက် မတင်ထားဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ကို အရေးယူမယ်ဆိုရင် သူတို့ဘက်က ခိုင်လုံတဲ့ သက်သေနဲ့ဆိုရင် ရတယ် ဒါပေမဲ့ ကျွန်တော်တို့ လူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးပြီးတော့ ဥပဒေပုဒ်မနဲ့ လာပြီးတော့ အရေးယူရင် လုံးဝလက်မခံဘူး။ ကျွန်တော်တို့ ဂရုစိုက်မှာလည်းမဟုတ်ဘူး”လို့ ၎င်းက ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ် လမ်းလျောက်ပွဲကို ဒီနေ့ မေ၁၀ရက် ညနေ ၄ နာရီကစပြီး သိမ်ကြီးဈေးမီးပွိုင့်ကနေ မြို့တော်ခန်းမရှေ့ကို ဗ.က.သ/ အ.က.သ ကျောင်းသားတွေ ဦးဆောင်ပြီး လူအင်အား ၂၀ ပါဝင် ပြုလုပ်ခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly