ရွှေတိဂုံမှာ နိုင်ငံခြားသားတွေကို ဝင်ကြေးတိုးကောက်မယ်

ရွှေတိဂုံမှာ နိုင်ငံခြားသားတွေကို ဝင်ကြေးတိုးကောက်မယ်

ရန်ကုန်၊ မေ ၁၀ ။            ။ ရွှေတိဂုံစေတီတော်ကို လာရောက်လေ့လာဖူးမြှော်တဲ့ နိုင်ငံခြားသားတွေအတွက် ဝင်ကြေးကို အရင် ၈၀၀၀ ကနေ ၁၀၀၀၀ ကျပ်အထိ ၂၀၀၀ ထပ်တိုးကောက်ဖို့ရှိနေပါတယ်။

ဝင်ကြေးတိုးမြှင့်ကောက်ခံမှုကို လာမယ့် ဇွန်လက စတင်မှာဖြစ်တယ်လု့ိ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး ဒုတိယရုံးအဖွဲ့မှူး ဦးဝင်းကြိုင် ပြောပါတယ်။

"ကောက်တဲ့အကြောင်းကတော့ ဒီမှာ နိုင်ငံခြားသားတွေကအများအားဖြင့် ငွေလဲလာကြတာတွေက အများအားဖြင့် ၅၀၀၀ တန်တွေ ၁၀၀၀၀ တန်တွေနဲ့လာတာ။ ဒီမှာ အကြွပြန်ပြီး အမ်းတဲ့ဟာ နည်းနည်းလေးအခက်ခဲရှိပါတယ်။ အဲ့တာကြောင့် စရင်းရှင်းလွယ်ကူအောင်လို့ပေါ့ ၈၀၀၀ အစား ၁၀၀၀၀ ကောက်တာပါ" လို့ ဦးဝင်းကြိုင်က ရှင်းပြပါတယ်။

ဒါ့အပြင် လက်ရှိအာရှနိုင်ငံတွေမှာ နိုင်ငံခြားခရီးသွားတွေအတွက် ရှေးဟောင်းအထင်ကရနေရာတွေနဲ့ ဘုရားဝင်ကြေး နဲ့ ရွှေတိဂုံစေတီတော်ဝင်ကြေး နှိုင်းယှဉ်လျှင် ရွှေတိဂုံစေတီတော်အတွက် ဝင်ကြေးက နည်းနေသေးတယ်လို့ သူက ပြောပါတယ်။

အဲ့ဒီ့လို တိုးကောက်လို့ရတဲ့ငွေတွေနဲ့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကနေပြီး နိုင်ငံခြားသားတွေ အဆင်ပြေအောင် သီးသန့်ဝင်ပေါက်တွေ အဆင့်မြှင့်တင်ပေးမှာလည်းဖြစ်ပါတယ်။

"ဝန်ဆောင်မှုကဘယ်လိုလဲဆိုတော့နိုင်ငံခြားသား ဧည့်သည်တွေနဲ့ ပြည်တွင်းဧည့်သည်တွေပေါ့ ဓာတ်လှေခါးတွေမှာ သူတို့တက်တဲ့ နေရာတွေမှာ ရောပြီးတော့ ရှုပ်ပြီးတော့ ပူအိုက်နေတာပေါ့နော်။ နောင်ကျလို့ရှိရင်တော့ နိုင်ငံခြားသားဧည့်သည်တွေကို ဝင်ပေါက် သီးခြားသတ်မှတ်ပေးပြီးတော့ ကျွန်တော်တို့က အဲ့မှာ သူတို့ အခွန်ဆောင်ရမယ့်ဟာလည်းဆောင်ပေါ့။ အဲ့ဒီ့မှာနားပေါ့။ နားပြီးတော့ ဘုရားပေါ်တတ်ပေါ့ လုံခြုံရေးရော စည်းကမ်းထိန်းသိမ်းရေးရော အဆင်ပြေအောင် မကြာမီဆက်ပြီး ဆောင်ရွက်သွားမယ့်အစီအမံရှိပါတယ်" လို့ ပြောပါတယ်။

အဆိုပါ သီးသန့်ဝင်ပေါက်ကို တစ်လနှစ်လအတွင်း လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ နိုင်ငံခြားသား ဧည့်သည့်တွေအနေနဲ့ သီးသန့်ဧည့်ဝင်ပေါက်တွေကနေပဲ အခွန်ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပစ္စည်းတွေထားဖို့အတွက် လော့ခ်ကာတွေလည်းထားပေးဖို့ရှိတယ်လို့ သိရပါတယ်။

အခုလို နိုင်ငံခြားသားတွေအတွက် သီးသန့်ဝင်ပေါက် လုပ်ပေးလိုက်တဲ့အတွက် စည်းကမ်းထိန်းသိမ်းရေးအတွက်လည်း ပိုမိုအဆင်ပြေနိုင်တယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

လက်ရှိအခြေနေမှာ ဓာတ်လှခါးနှင့် စောင်းတန်းအပြင် ဘုရားပေါ်တတ်နိုင်တဲ့ဝင်ပေါက် စုစုပေါင်း ၇ပေါက်ရှိနေပါတယ်။ ဝင်ပေါက် ၇ပေါက်မှာ ပြည်တွင်းဧည့်သည်တွေနဲ့ နိုင်ငံခြားသားဧည့်သည်တွေ ရှုပ်ထွေးနေတဲ့အခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။

၂၀၁၇ ဧပြီလတစ်လအတွင်း ရွှေတိဂုံစေတီတော်ပေါ်သို့ နိုင်ငံခြားသား ဦးရေ ၄ သောင်းကျော်လာရောက်ခဲ့တယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly