ဆွမ်ပရာဘွမ်ဒေသ တည်ငြိမ်မှု မရှိသေး ၊နှစ်ဘက်ညှိနှိုင်းရန် အစိုးရ အကြောင်းမပြန်

ဆွမ်ပရာဘွမ်ဒေသ တည်ငြိမ်မှု မရှိသေး ၊နှစ်ဘက်ညှိနှိုင်းရန် အစိုးရ အကြောင်းမပြန်

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ တည်ငြိမ်မှု မရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဘက် ဆွေးနွေး ညှိနှိုင်းရန်လည်း အစိုးရဘက်မှ အကြောင်းပြန်လာခြင်း မရှိသေးကြောင်း ကချင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာနှင့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) က ပြောသည်။

KIA နှင့် အစိုးရ စစ်တပ်တို့ နှစ်ဘက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဇူလိုင် ၃၁ ရက်တွင်လည်း စစ်ပြေးဒုက္ခသည်များ ထွက်ပြေးခိုလှုံနေသော ကျေးရွာဘက် အစိုးရစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်ပြီး နှစ်ဘက် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့တို့ တွေ့ဆုံရေးလည်း အစိုးရဘက်မှ အကြောင်းမပြန်လာသေးကြောင်း PCG မှ ဦးဆန်အောင်က ပြောသည်။

“ဒီနေ့ အစိုးရစစ်တပ်ဘက်က မလိယန်အနီးက ပိုစ့်ကနေ လက်နက်ကြီးနဲ့ စစ်ပြေး ဒုက္ခသည် တွေနေတဲ့ ဂျာရာယန်ဘက် ပစ်တယ်ဆိုတာတော့ သိရတယ်။ ကေအိုင်အိုက တွေ့ဖို့ အဆိုပြုထား တယ်။ အစိုးရဘက်က ဘာမှ မပြောလာသေးဘူး။ ကေအိုင်အိုက တွေ့နေကျအတိုင်း တွေ့ရအောင် ဆိုပြီး တင်တာ။ အစိုးရက လူမစုံသေးလို့ဆိုပြီး ခုထိ မတွေ့နိုင်သေးဘူး။ နောက်ပြီး တိုက်ပွဲနဲ့ ပတ်သက်လို့ပြော ရင်လည်း ဘာမှမပြောလာဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သကဲ့သို့ စစ်ဒဏ်ကြောင့် မြို့ပေါ် ရောက်ရှိလာသော စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၃၇ စု လူပေါင်း ၁၀၃ ဦးအတွက် ဆန်များ ကူညီ ထောက်ပံ့ပေးနေရသည်ဟု ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

“တိုက်ပွဲက ဖြစ်တုန်းပါပဲ။ ဆွမ်ပရာဘွမ်ဆိုတာ ကျွန်မသာ ကြိုးစားပြီးသွားတာ လမ်းက အင်မတန်ခက်ခဲတဲ့ နေရာဖြစ်ပါတယ်။ ဗွက်တန်းကြီး ဖြစ်ပါတယ်။ ကျွန်မက ဘယ်လိုလုပ်သလဲ ဆိုလို့ရှိရင် အဲဒီ ဆွမ်ပရာဘွမ်မှာ ဆန်ရောင်းမယ့် လူရှိတယ်။ ဘယ်လောက်ပဲဖြစ်ဖြစ် ကာလ ပေါက်ဈေးကို ကျွန်မက ငွေရှင်းပြီးတော့ ကျွန်မက ထောက်ပံ့ပေးတာပါ။ ဟိုဘက်(ကေအိုင်အေ) ကို ရောက်သွားတဲ့ လူတွေကို ကျွန်မ အနေနဲ့ ဘယ်လိုမှ လုပ်လို့မရဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနယ်မှ အရွေးခံထားရသဖြင့် မဲဆန္ဒရှင် များမှာ စစ်ပြေးများအဖြစ် ဒုက္ခရောက်နေ၍ သွားရောက်ကူညီပေးနေသဖြင့် လက်ရှိမည်သည့် အခက် အခဲများမှ မရှိသေးကြောင်း သူက ပြောသည်။

အဆိုပါ ဒုက္ခသည် ၁၀၃ ဦးအတွက် အကယ်၍ မိမိကျေးရွာသို့ မပြောင်းရွှေ့လိုပါက နေရာ ပြန်လည် ချထားပေးရန် စီစဉ်ပေးနေကြောင်း အဆိုပါ ဒုက္ခသည်များအား လက်ရှိ အေဂျီဘုရား ကျောင်းဝင်းတွင် ခိုလှုံစေသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

KIA နယ်မြေဘက် ထွက်ပြေးတိမ်းရှောင်သွားသော စစ်ပြေးဒုက္ခသည် လူပေါင်း ၁,၄၀၀ ကျော် သည် စားဝတ်နေရေး ခက်ခဲနေသဖြင့် ကချင်ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ရိက္ခာများ သွားရောက် ကူညီ ရန်ပြည်နယ် အစိုးရထံ တောင်းဆိုခဲ့သော်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) က လုံခြုံရေး မယူနိုင်ဟု ပြောဆိုလာသဖြင့် ယနေ့ထိ သွားရောက် ထောက်ပံ့နိုင်ခြင်း မရှိသေးပေ။ ဇူလိုင်လဆန်းမှ စတင်၍ KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ တပ်သို့ အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လ နီးပါး ရောက်ရှိနေပြီ ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) သည် လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးဆွေးနွေး ညှိနှိုင်း မှုတွင် ပါဝင်ဆွေးနွေးနေသော အဖွဲ့ဖြစ်သည်။

တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ကမ္ဘာကျော် ရုပ်ရှင် မင်းသမီးကြီး အင်ဂျလီနာ ဂျိုလီ ဇူလိုင်လ ၃၀ ရက်ကရောက်ရှိလာပြီး ကချင်စစ်ပြေး ဒုက္ခသည်များနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သေးသည်။ ယင်းအပြင် ဂျိုလီက ကချင်အမျိုးသမီးအရေး လှုပ်ရှားသူ များနှင့်လည်း သီးသန့်တွေ့ဆုံခဲ့သည်။

သို့သော် ဂျိုလီနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ သီးခြားတွေ့ဆုံရန် အစီအစဉ် မရှိသဖြင့် တွေ့ဆုံခြင်း မရှိခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၃၁ ရက်က နံနက် ၁၀ နာရီခန့်တွင် မြစ်ကြီးနားမြို့မှ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly