ငြိမ်းချမ်းရေးအတွက် နှစ်ဖက်လုံး သဘောထားကြီးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ငြိမ်းချမ်းရေးအတွက် နှစ်ဖက်လုံး သဘောထားကြီးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
(ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန)

နေပြည်တော်(မေလ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သဘောထားကြီးရန် အစုအဖွဲ့အားလုံးတွင် တာဝန်ရှိသည်ဟု ဗြိတိန်နိုင်ငံရောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်သည်။

“သဘောထားကြီးဖို့ဆိုတာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ လူများစုကလည်း သဘောထားကြီးရမယ်။ လူနည်းစုကလည်း သဘောထား ကြီးရမယ်။ ကိုယ်မကျေနပ်တာတွေကိုပဲ ဦးတည်ပြီးတော့ စဉ်းစားနေမယ်ဆိုလို့ရှိရင် အဖြေရှာလို့ ရမှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ တရားဝင်ခရီးရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မေလ ၉ရက်၊ (၁၀:၀၀)နာရီတွင် လန်ဒန်မြို့ရှိ The Landmark London ဟိုတယ်၌ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပြဿနာတွေက ပြဿနာ မဟုတ်ဘူး။ ပြဿနာတွေကို မဖြေရှင်းနိုင်တာကသာ ပြဿနာပါလို့ ကျွန်မ အမြဲပြောပါတယ်။ အဲ့တော့ ကျွန်မတို့ရဲ့ ပြဿနာတွေကို အတူဖြေရှင်းကြစို့လို့ ဒီလိုပဲ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး မရှိပါက တိုးတက်မှုများသည် ရေရှည်တွင် ထိန်းသိမ်းထားနိုင်မည်မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ရေတိုမှာတော့ တိုးတက်သလို ဖြစ်ပေမယ့် ငြိမ်းချမ်းရေးမရှိရင်၊ အမျိုးသားရင်ကြားစေ့ရေး မရှိရင်၊ တည်ငြိမ်မှု မရှိဘူးဆိုလု့ိရှိရင် ရထားတဲ့ တိုးတက်မှုတွေက နေ့ချင်း၊ ညချင်း ပျောက်သွားနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ မေးမြန်းသည့် မူလတန်းပညာရေးစနစ်၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်၊ ဓနသဟာရနိုင်ငံများအဖွဲ့ဝင် နိုင်ငံဖြစ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး စသည့် မေးခွန်းများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သေးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းတဲ့ တရားဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားတဲ့နည်းမျိုးနဲ့ပဲ ပြောင်းလဲဖို့ လုပ်မယ်” ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ရေတိုထက် ရေရှည်တွင် နိုင်ငံအတွက် ပိုကောင်းသည့် အစဉ်အလာကောင်းများကိုသာ ချမှတ်သွားလိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly