ပြည်သူ့အမုန်းကို ခံယူကြသူများ

ပြည်သူ့အမုန်းကို ခံယူကြသူများ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည်ဖြစ်ရာ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားဟောင်း/ သစ်များက မဲဆန္ဒရှင်ပြည်သူများထံမှ မဲရရေးကို စတင်ကြိုးပမ်း အကြံဉာဏ်ထုတ် နည်းလမ်းရှာ ဆောင်ရွက်နေကြသည်။

ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်း တာဝန်ထမ်းဆောင်ဖူးသူ တချို့ကလည်း ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အတွက် ဆက်လက်အောင်ပွဲခံနိုင်ရန် ကြိုးစားနေကြသည်။

တစ်နည်းဆိုသော် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ မဲဆန္ဒရှင်ပြည်သူများ၏ ချစ်ခင်နှစ်သက် ထောက်ခံမှုကို ရရှိစေရန် ဆောင်ရွက်ကြရသည်၊ ပြည်သူ့အမုန်းကို ရှောင်တတ်ကြရသည်။

ရွေးကောက်ပွဲဝင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် တရားဝင် မဲဆွယ် စည်းရုံးခွင့် ရမည့်အချိန်ကို တရားဝင် ထုတ်ဖော်ကြေညာခြင်း မပြုရသေးပါ။ သို့သော် အနည်းနှင့် အများ မဲဆွယ် စည်းရုံးရေးအတွက် ပြင်ဆင်နေကြပြီဖြစ်သည်။

မဲဆန္ဒရှင်ပြည်သူများ၏ လိုလားထောက်ခံမှုကို ရရှိရန် အလွယ်ဆုံးနည်းလမ်းမှာ ပြည်သူများ နှစ်သက်လိုလားသည်တို့ကို လိုက်လျော ထမ်းဆောင်ပေးရန် အရေးကြီးသည်။

နိုင်ငံရေးသမားက မဲရရေးအတွက်လောက်သာ ကြည့်ပြီး နိုင်ငံပြုသမားက နိုင်ငံကောင်းစား ရေးနှင့် နိုင်ငံ့အနာဂတ်ကို ကြည့်သည်။ ဆိုလိုသည်မှာ နိုင်ငံပြုသမားက ပြည်သူမုန်းလည်း အရေး မထားဘဲ နိုင်ငံ့မျက်နှာကိုသာ တူရူသည်ဖြစ်ရာ မဲရရေး/ မရရေး၊ ပြည်သူချစ်ရေး/ မချစ်ရေးထက် နိုင်ငံကောင်းဖို့အရေးကိုသာ ကြည့်သူဖြစ်သည်။

မြန်မာနိုင်ငံတွင် မည်သူသည် နိုင်ငံရေးသမား၊ မည်သူသည် နိုင်ငံပြုသမား၊ မည်သူသည် နိုင်ငံရေးသမား အတုအယောင်၊ မည်သူသည် နိုင်ငံပြုသမားအယောင်ဆောင် စသည်ဖြင့် ခွဲခြားရန် လိုအပ်နေ ပါသည်။ အထူးအားဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲ နီးချိန်တွင် မဲဆန္ဒရှင်ပြည်သူများက ပိုင်းပိုင်းခြားခြား နားလည်ကြဖို့ အရေးကြီးသည်။

မျက်မှောက်မြန်မာ့နိုင်ငံရေး အရှိတရားကို စောကြောမည်ဆိုလျှင် ဒီမိုကရေစီကို လျှောက်လှမ်း မည်ဟု ပြောထားသည့် စစ်တပ် ကျောထောက်နောက်ခံပြု စစ်ဗိုလ်ချုပ်ဟောင်းကြီးများက သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းအုပ်ချုပ်နေကြခြင်းဖြစ်သည်။

ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်ဘက်တွင်လည်း မနီးယိုးစွဲ ထိုသဘောပဲ ဖြစ်ပါသည်။ တရားစီရင်ရေး အပိုင်းတွင်ပင် စစ်တပ်၏ လွှမ်းမိုးမှုများ၊ ချုပ်ကိုင်အုပ်စီးမှုများက ရှိနေသေးသည်။

နိုင်ငံရေးသမားလား၊ နိုင်ငံပြုသမားလား၊ အတုအယောင်လား၊ အယောင်ဆောင်လား စသည်ကို မဲဆန္ဒရှင်ပြည်သူများက ခွဲခြားနိုင်ရန် လိုအပ်သည်။ မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့ဘာသာ မခွဲခြားနိုင်ပါက ဝါရင့်နိုင်ငံရေးသမားများ၊ အတွေ့အကြုံနှင့် လေ့လာအား ကောင်းသူများ၊ မီဒီယာများ က ထောက်ပြ ဝေဖန်သုံးသပ်ရေးသား ပြောဆို တင်ဆက်ကြရန်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၃၀ ၌ အကျဉ်းသားများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးရာတွင် မြန်မာပြည်တွင်း သစ်ခိုးခုတ်သဖြင့် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံထားရသူ ၁၅၅ ဦးသော တရုတ်နိုင်ငံသားများကို ထည့်သွင်း လွှတ်ပေးလိုက်သည်။ သူတို့သည် အဆိုပါ ပြစ်ဒဏ်ကို ရက်ပိုင်းသာ ကျခံရသေးသည်ဟု သတင်းစာများက ရေးသားကြ သည်။ ဤသည်ကို သမ္မတနှင့် နီးစပ်သူတစ်ဦးက သံတမန် ဆက်ဆံရေးအပါအဝင် အမြော်အမြင်ဖြင့် ဆောင်ရွက်ချက် ဖြစ်သည်ဟု အလွတ်သဘော ဆိုပါသည်။ တရုတ်နှင့် မြန်မာသည် ကောင်းမွန်သော ဆက်ဆံရေး ရှိရမည်ဟု သူက ဆက်ပြောသည်။

သမ္မတ အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများသည် နိုင်ငံပြုခေါင်းဆောင် အဆင့်သို့ တက်လှမ်းရာတွင် တခါတစ်ရံ၌ ပြည်သူများ မကြိုက်သော လုပ်ဆောင်မှုများကို လုပ်ဆောင်ရတတ်ပါ သည်။ သံတမန် ဆက်ဆံရေး၊ ဒေသတွင်းအရေးနှင့် နိုင်ငံတကာရေးရာများတွင်ပါ နိုင်ငံတစ်နိုင်ငံအဖြစ် ဆောင်ရွက်ရသည်များတွင် ပြည်သူ မကြိုက်သော်လည်း တိုင်းပြည်အတွက် ကောင်းမည်ဆိုလျှင်၊ သို့မဟုတ် လူထုအတွက် အကျိုးရှိမည်ဆိုလျှင် ပြည်သူ့ အမုန်းကို ခံယူရင်း ဖြင့်ပင် အရှည်တွေး မြော်မြင်ပြီး ဆောင်ရွက်ရသည်များ ရှိနိုင်ပါသည်။

ပြစ်ဒဏ်ကျူးလွန်သဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ တရုတ်အကျဉ်းသားများကို ယခုကဲ့သို့ လွှတ်ပေးလိုက်ခြင်းကို ပြည်သူများသည် မကြိုက်ပါ၊ သတင်းစာများ၏ ရေးသားချက်များကို ကြည့် လျှင်လည်း နှစ်မြို့ သည့်ပုံ မပေါ်ပါ။ သံတမန်ဆက်ဆံရေး၊ သို့မဟုတ် နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားထက်ပိုသော လူတစ်စု အကျိုးစီးပွားအတွက် မဖြစ်မနေ ချမှတ်လိုက်ရသော ဆုံးဖြတ် ချက်မျိုး ဖြစ်နေသည်ဆိုလျှင်မူ များစွာမေးခွန်းထုတ်စရာ ကောင်းပါသည်။

ပြည်သူများ မနစ်နာစေသည့် ပြည်သူ နှစ်ခြိုက်သော ဆုံးဖြတ်ချက်မျိုးကို ချမှတ်နိုင်မည့် ပြည်သူချစ်သော ပြည်သူလိုလားသော ခေါင်းဆောင်မျိုးကို ပြည်သူများ ရနိုင်လျှင် ပြည်သူနှင့် အစိုးရကြား သူနိုင်ကိုယ်နိုင် ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags